September 20, 2024

၂၈. ၈. ၂၀၂၄
Written by Nay Moe

ဆယ်အိမ်မှူးတစ်ဦး၊ အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် သစ်တောဦးစီးဌာနမှ တောအုပ်တစ်ဦးအပါအဝင် အမျိုးသား၊ အမျိုးသမီး ၆ ဦးကို PDF များက တစ်နေ့တည်း သတ်ဖြတ်လိုက်ကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်များမှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နားခါရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားနှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ကိုကျော်ခိုင်စိုး(ခ) ကျော်ခင်စိုး(၃၅)နှစ်နှင့် တစ်ရပ်ကွက်တည်းနေ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ဖြစ်သူ ကိုဘောက်နော်(၃၇)နှစ်တို့သည် ကိုကျော်ခိုင်စိုး(ခ)ကျော်ခင်စိုး၏ နေအိမ်၌ အတူရှိနေစဉ် PDF အဖွဲ့ (အင်အားစိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဩဂုတ် ၂၅ ရက် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ဦးသန်းထွန်းဆိုဒ်ကျေးရွာနေ ဦးမြင့်တင်(၆၇)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF ခြောက်ဦး (စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်သတ် ဖြတ်သွားခဲ့သဖြင့် ဦးမြင့်တင်တွင် ကျည်ထိမှန်ဒဏ်ရာနှင့် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။

ထို့အတူ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဘန့်တင်ကျေးရွာကျေးရွာနေ ဒေါ်အေးအေးအောင် (၄၂)နှစ်သည် နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် PDF နှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးခဲ့ရကြောင်း သိရသည်။

ထို့အတူ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ဂွေးညိုဝင်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဆယ်အိမ်မှူးဖြစ်သူ ဦးဝင်းအောင် (၅၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များနည်းတူ ထိုနေ့ ည ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ သက်လယ်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသိန်းရွှေ(၅၆)နှစ်သည် တစ်ရွာတည်းနေ သမီးဖြစ်သူ ဒေါ်တင်တင်ထား၏နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ (အင်အားစိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးသိန်းရွှေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး အဆိုပါဖြစ်စဉ်များမှ ကျူးလွန်သူများကို ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *