၂၈. ၈. ၂၀၂၄
Written by Nyein Kyaw
ယခုဘဏ္ဍာနှစ် လေးလအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၁၂၀၀ ကျော် ခွင့်ပြုပေးခဲ့ပြီး နိုင်ငံအတွက် အဓိကလိုအပ်နေသည့် လျှပ်စစ်ကဏ္ဍတွင် ရာခိုင်နှုန်း ၇၀ ခန့်အထိ တိုးမြှင့်ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လကုန်အထိ ကုန်ထုတ်လုပ်မှု၊ အိမ်ခြံမြေ၊ ဝန်ဆောင်မှု၊ ဟိုတယ်နှင့်ခရီး၊ ဆောက်လုပ်ရေး၊ လျှပ်စစ်နှင့် သတ္တုတူးဖော်ရေး စသည့်လုပ်ငန်းကဏ္ဍ ၇ ခုတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၂၂၇ ဒသမ ၈၆၆ ဘီလျံခွင့်ပြုပေးထားသည်။ ယင်းအနက် လျှပ်စစ်ကဏ္ဍတွင် ကျပ် ၈၄၆ ဒသမ ၈၁၀ ဘီလျံရှိ လုပ်ငန်း ၃ ခု ခွင့်ပြုပေးခဲ့ရာ အဆိုပါကာလအတွင်း ခွင့်ပြုပေးခဲ့သည့်ပမာဏ၏ ရာခိုင်နှုန်း ၇၀ ခန့်အထိ အများဆုံး ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါကာလအတွင်း အိမ်ခြံမြေကဏ္ဍတွင် ကျပ် ၂၄၈ ဘီလျံကျော်၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ် ၉၃ ဘီလျံကျော်၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ကျပ် ၂၄ ဘီလျံ၊ ဝန်ဆောင်မှုကဏ္ဍတွင် ကျပ် ၁၀ ဘီလျံကျော်၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၄ ဘီလျံခွဲကျော်၊ သတ္တုတူဖော်ရေးလုပ်ငန်းကဏ္ဍတွင် ကျပ်သန်း ၅၀၀ နီးပါး ခွင့်ပြုပေးထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးခဲ့ရာတွင် ကုန်ထုတ်လုပ်မှု၊ အိမ်ခြံမြေ၊ ဝန်ဆောင်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဟိုတယ်နှင့်ခရီးသွား၊ ဆောက်လုပ်ရေး၊ လျှပ်စစ်၊ စက်မှုဇုန်ဖော်ဆောင်ရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေးနှင့် သဘာဝဓာတ်ငွေ့ စသည့်လုပ်ငန်းကဏ္ဍ ၁၂ ခုတွင် အဓိကခွင့်ပြုပေးနေခြင်းဖြစ်သည်။
ယခင်က နိုင်ငံသားရင်းနှီးမြှုပ်နှံမှုများကို ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဟိုတယ်နှင့်ခရီးသွား စသည့်လုပ်ငန်းများ၌သာ အဓိကအများဆုံး ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် နိုင်ငံရေးပဋိပက္ခဖြစ်စဉ်များအပြီး လျှပ်စစ်ဓာတ်အားလိုင်းအချို့ ဖျက်ဆီးခံရပြီးနောက်ပိုင်း လျှပ်စစ်ကဏ္ဍတွင် ပြည်တွင်းရှိ နိုင်ငံသားလုပ်ငန်းရှင်များကိုပါ လုပ်ကိုင်ခွင့် ပိုမိုခွင့်ပြုပေးလာခြင်းကို တွေ့ရှိရသည်။
၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံအနေဖြင့် စုစုပေါင်းမြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၂၆,၆၅၅ ဘီလျံကျော်ရှိ လုပ်ငန်းပေါင်း ၂၀၄၈ ခုအထိ ခွင့်ပြုပေးခဲ့သည်။ အဆိုပါ ခွင့်ပြုပေးခဲ့သော လုပ်ငန်းများအနက် ကျပ် ၂၄,၃၉၇ ဘီလျံကျော်ရှိ လုပ်ငန်းပေါင်း ၁၆၅၃ ခုမှာ ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်ကြောင်း DICA မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။