MT News
၂၈. ၈. ၂၀၂၄
မူးယစ်ဆေးအနွယ်ဝင် တားမြစ်ဆေးဝါးများဖြစ်သည့် Tramadol ဆေးဝါး အတောင့် ၂ သိန်းခန့် သိုလှောင်ထားသူကို ပုဇွန်တောင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ သြဂုတ်လ ၂၆ ရက် နေ့လယ် ၁၂ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပုဇွန်တောင်မြို့နယ်၊ (၈)ရပ်ကွက်နေ ၀င်းနိုင်ဦး(ခ)ဂျမင်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ Tramadol ဆေးတောင့် ၁၉၅,၀၀၀ တောင့်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၇၈၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ထို့ကြောင့် တားမြစ်ဆေးများ သိုလှောင်သူ ဝင်းနိုင်ဦး(ခ)ဂျမင်း(၃၇)နှစ်အား ပုဇွန်တောင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Tramadol သည် နာကျင်မှုသက်သာစေသည့် ဆေးတစ်မျိုးဖြစ်ပြီး ကင်ဆာ၊ နာတာရှည်အဆစ်အမြစ်ယောင်လူနာများနှင့် ခွဲစိတ်ပြီးစလူနာများကို ကုသမှုပေးသည့် Opioids ခေါ်သည့် မူးယစ်ထုံထိုင်းစေသော ဆေးတစ်မျိုးဖြစ်ပြီး အများအပြားသောက်သုံးပါက မူးယစ်ဆေးသုံးစွဲမှုကိုကဲ့သို့ဖြစ်ပွားသောကြောင့် မူးယစ်ဆေးအသွင် လွဲမှားအသုံးချ၍ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများစုတွင် ထိန်းချုပ်ကန့်သတ်ဆေးအဖြစ် သတ်မှတ်ထားသည်။