September 20, 2024

၂၈. ၈. ၂၀၂၄
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နေရာအချို့တွင်ဖြစ်ပွားနေသော ရေလွှမ်းမိုးမှုများအနက် ကိုမီလာခရိုင်အတွင်း ရေဘေးကြောင့် ထပ်မံသေဆုံးသူလေးဦးရှိခဲ့ရာ နိုင်ငံအတွင်း ရေလွှမ်းမိုးမှုကြောင့် သေဆုံးရသူဦးရေမှာ ဩဂုတ်လ ၂၇ ရက်အထိ ၂၇ ဦးရှိလာပြီဟု သဘာဝဘေးဒဏ်ကယ်ဆယ်ရေးနှင့်စီမံခန့်ခွဲရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဖာရွတ်-အီ-အဇမ်က ပြောကြားခဲ့သည်။

ကိုမီလာခရိုင်တွင် သေဆုံးသူ ၁၀ ဦးဖြင့် အများဆုံးဖြစ်ကာ စစ်တကောင်းနှင့် နိုခါလီခရိုင်တို့တွင် သေဆုံးသူငါးဦးစီရှိပြီး ကော့စ်ဘဇာခရိုင်တွင် သေဆုံးသူသုံးဦးရှိကြောင်း၊ ဖီနီ၊ ဘရာမန်ဘာရီးယား၊ ကာဂရတ်ချ် ဟာရီနှင့် လက်ရှမီပူခရိုင်တို့တွင် သေဆုံးသူတစ်ဦးစီရှိကြောင်း ၎င်းက ဩဂုတ်လ ၂၇ ရက်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။ ထို့ပြင် မိုလ်ဗီဘာဇာခရိုင်တွင် ရေဘေးကြောင့် ပျောက်ဆုံးနေသူနှစ်ဦးရှိကြောင်းလည်း သိရသည်။

ရေလွှမ်းမိုးမှုဒဏ်ကို သက်ရောက်မှုခံနေရသော ပြည်သူများမှာ ခရိုင် ၁၁ ခု၌ စုစုပေါင်း ၅,၆၁၉,၃၇၅ ဦး ကျော်ရှိလိမ့်မည်ဟု ၎င်းကဆိုခဲ့သည်။ စုစုပေါင်း အိမ်ထောင်စု ၁,၂၀၇,၄၂၉ စုမှာ ရေဘေးသက်ရောက်မှုကြောင့် အားကိုးရာမဲ့ အခက်အခဲဖြစ်နေကြရသည်ဟုလည်း ဖာရွတ်က ပြောခဲ့သည်။

ဖာရွတ်ကရေလွှမ်းမိုးမှုကြောင့် အနည်းဆုံး ပြည်သူ ၅၀၉,၇၂၈ ဦးမှာလည်း ရေဘေးကယ်ဆယ်ရေးစခန်း ၃,၈၈၆ ခုတွင် ခိုလှုံနေကြရပြီး မွေးမြူရေးတိရစ္ဆာန် ၃၄၉,၄၂၁ ကောင်ကိုလည်းထိုစခန်းများတွင် ကယ်ဆယ်ထားကြောင်း ဝန်ကြီးဌာန၏ စာရင်းဇယားများအရသိရသည်။

ရေဘေးဒဏ်ခံနေရသော ဒေသများတွင် ကျန်းမာရေးအဖွဲ့ ၆၂၀ ကလည်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ လှည့်လည်ဆောင်ရွက်ပေးနေသည်ဟု ဆိုသည်။

နောက်ဆုံးသတင်းများအရ ရေဘေးဒဏ်ခံနေရသော ပြည်သူများအတွက် ထောက်ပံ့ရန် တာကာငွေ ၃၅ ဒသမ ၂ သန်း ခွင့်ပြုထားကာ တာကာငွေ ၃၅ သိန်းဖိုးရှိ ဆန်တန်ချိန် ၂၀,၆၅၀ တန်၊ အစာခြောက် ၁၅,၀၀၀ ခုနှင့်ကလေးအစားအစာများ၊ ကျွဲစာနွားစာများကို ထောက်ပံ့ထားကြောင်းလည်း သိရသည်။

Ref – Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *