September 20, 2024

MT News
၂၈. ၈. ၂၀၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော စစ်သည်များပါဝင်သည့် မျိုးဆက်သစ် ထူးချွန်လူငယ်မောင်မယ်များသည် နိုင်ငံတကာယဉ်ကျေးမှု၊ ဗဟုသုတနှင့် အသိပညာများ အတုယူလေ့လာနိုင်စေရန် လေ့လာရေးခရီးစဉ် အဖြစ်တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဩဂုတ်လ ၂၆ ရက် ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်ဟု သိရသည်။

အဆိုပါလေ့လာရေးအဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးကြီးသူရိန်ထွန်းဦးဆောင်၍ စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်းမိသားစုဝင် သား၊ သမီးများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး နိုင်ငံတော်အဆင့်ဘက်စုံပညာထူးချွန်လူငယ် ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူ ၅ ဦး၊ အမှတ်အများဆုံးရရှိသော ကျောင်းသား၊ ကျောင်းသူ ၁၆ ဦး၊ ဂုဏ်ထူးသုံးဘာသာဖြင့် အောင်မြင်သောစစ်သည်တစ်ဦး၊ ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်သောစစ်သည်နှစ်ဦးနှင့် ကျောင်းအုပ်ကြီး/ကျောင်းအုပ်ချုပ်မှုတာဝန်ခံ ၅ ဦးအပါအဝင် စုစုပေါင်း ၂၉ ဦးတို့ပါဝင်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သြဂုတ် ၂၆ ရက်မှ ၃၁ ရက်ထိ လေ့လာရေးခရီးသွားရောက်ကြမည်ဖြစ်သည်။

တပ်မတော်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ တပ်မတော်သားမိသားစုဝင် သား၊ သမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သား၊ သမီးများနှင့် စစ်သည်အစားခန့် အရပ်သားအမှုထမ်းများ၏ သား၊ သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စတင်ပေးအပ်ခဲ့ပြီး ဆုရရှိသူများအနက်မှ ထူးချွန်စစ်သည်နှင့် ဘက်စုံထူးချွန်လူငယ်များအား ၂၀၁၃ ခုနှစ်မှစ၍ ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးစဉ်များ စီစဉ်စေလွှတ်ပေးခဲ့သော်လည်း ကမ္ဘာတစ်ဝန်းဖြစ်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်များ၌ ရပ်နားခဲ့ရပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှသာ လေ့လာ‌ရေးခရီး ပြန်လည်စေလွှတ်နိုင်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်က အ-ထ-က(၁) ဒဂုံကနေ ခြောက်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ စာသင်နှစ်အစကနေ သင်ခန်းစာတစ်ခုချင်းစီကို ပိုင်နိုင်အောင်ကျက်မှတ်ခဲ့ပါတယ်။ ဆရာ၊ ဆရာမတွေ စာသင်ကြားရင် ဂရုစိုက်နားထောင်ပြီး အတတ်နိုင်ဆုံးမှတ်မိအောင် ကြိုးစားခဲ့ပါတယ်။ ကိုယ့်ဘာသာစာပြန်ကြည့်တဲ့အချိန်ကိုလည်း အတတ်နိုင်ဆုံးအနည်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်အောင်၊ စာပြန်ကြည့်ချိန်နဲ့ အနားယူချိန်မျှတအောင် စနစ်တကျ အချိန်ဇယားချမှတ်ပြီး ကျက်မှတ်ခဲ့ပါတယ်။ အခုလိုရလဒ်ကောင်းအောင်ပံ့ပိုးပေးကြတဲ့ မိဘနှစ်ပါးနဲ့ ငယ်စဉ်ကနေ အခုချိန်အထိ ပညာသင်ကြားပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်ပါတယ်။ အခုလိုခရီးစဉ်ကို လိုက်ပါခွင့်ရရှိအောင် စီစဉ်ပေးကြတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်”ဟု ခြောက်ဘာသာဂုဏ်ထူးရှင် မောင်ကောင်းထက်သာက ပြောသည်။

အဆိုပါလေ့လာရေးအဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ဌာနကြီးမှူး ဦးအောင်ရဲဝင်းနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၏ မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရင်းရင်းနှီးနှီးလိုက်လံအားပေးပြီး ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *