September 20, 2024

◾️ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ တရုတ်သံအမတ်ကြီး Ms. Ma Jia လာရောက်တွေ့ဆုံ

MT News
၂၈. ၈. ၂၀၂၄

ပြီးခဲ့တဲ့ ဩဂုတ် ၁၄၊ ၁၅ ရက်က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိခရီးစဥ်အတွင်းမှာ မြန်မာနိုင်ငံနဲ့ အရေးကြီးသဘောတူညီချက်တွေ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ဒီနေ့မှာမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia နဲ့ တွေ့ဆုံစဥ် ထုတ်ဖော်ပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတင်းထုတ်ပြန်လာပါတယ်။

အရေးကြီးသဘောတူညီချက်တွေဟာ ဘယ်လိုအချက်တွေဖြစ်တယ်ဆိုတာကို တရုတ်သံရုံးက ထုတ်ဖော်မပြောပေမဲ့လည်း ဝမ်ယိခရီးစဥ်အတွင်းမှာ နယ်​မြေလုတိုက်ခိုက်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တရုတ် MNDAA အပါအဝင် လက်နက်ကိုင်တွေရဲ့ လုပ်ရပ်ကို လက်မခံဘူးလို့ ပြောခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့သလို လက်ရှိလုပ်ဆောင်နေတဲ့ ၂၀၂၄ သန်းခေါင်စာရင်းကောက်ခံမှုနဲ့ ရွေးကောက်ပွဲအတွက် ကူညီပေးမယ်လို့ တရုတ်နိုင်ငံဘက်ကပြောခဲ့ပါတယ်။

ဒါ့အပြင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေကလည်း မြန်မာနိုင်ငံကို ပြည်ပဝင်ရောက်စွက်ဖက်တာ ကာကွယ်ဖို့နဲ့ ပြည်တွင်းတည်ငြိမ်မှုထိန်းသိမ်းရာမှာ တရုတ်နိုင်ငံက တန်ဖိုးရှိတဲ့ အထောက်အပံ့တွေ ဆက်လက်ကူညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အဲဒီအချက်တွေအပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံဆီ လာရောက်ပြီး နစကအစိုးရအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေအပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာ တရုတ်နိုင်ငံက မြန်မာနစကအစိုးရအဖွဲ့ကို ဒေါ်လာသုံးဘီလျံ အတိုးမဲ့ချေးပေးတာနဲ့ပတ်သက်လို့ NUG က မေးမြန်းအတည်ပြုမယ်လို့ NUG စီမံဘဏ္ဍာဝန်ကြီးဆိုသူဦးတင်ထွန်းနိုင်က ဩဂုတ် ၁၈ ရက်မှာ ထုတ်ပြောလာမှုလည်းရှိခဲ့ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်သံအမတ်ကြီး ဒီနေ့တွေ့ဆုံမှုမှာတော့ “ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် အရေးကြီးသဘောတူညီချက်များ ရရှိခဲကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နီးကပ်စွာချိတ်ဆက်၍ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ မြန်မာနိုင်ငံခရီးစဉ်ရလဒ်ကို အတူတကွဖော်ဆောင်သွားကာ မြန်မာ-တရုတ် ဆက်ဆံရေးတွင် တက်ကြွသောတိုးတက်မှုအသစ်များရရှိဖို့ တွန်းအားပေးဖော်ဆောင်သွားရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်” လို့ တရုတ်သံရုံးက ရေးသားဖော်ပြခဲ့သလို “နှစ်ဦးနှစ်ဖက်က မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းခြင်း၊ မြန်မာနိုင်ငံစီးပွားရေးနှင့် ပြည်သူအကျိုးပြုဖွံ့ဖြိုးရေးကိုထောက်ခံအားပေးခြင်း၊ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုကိုကာကွယ်ခြင်း၊ ကုလသမဂ္ဂစသည့် နိုင်ငံတကာပလက်ဖောင်းများတွင် အပြန်အလှန်ထောက်ခံအားပေးမှုကို မြှင့်တင်ခြင်း စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။”လို့လည်း တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *