September 20, 2024

၂၈. ၈. ၂၀၂၄
Written by Nay Moe

တနင်္သာရီတိုင်းဒေသကြီး မြိတ်အခြေစိုက် Dawei Watch သတင်းဌာနက သတင်းထောက်နှစ်ဦးကို ထောင်နှစ်ရှည်ချမှတ်လိုက်တယ်လို့ Dawei Watch သတင်းဌာနက ဒီနေ့ ထုတ်ပြန်လာပါတယ်။

Dawei Watch သတင်းဌာနက သတင်းထောက်နှစ်ဦးဖြစ်တဲ့ အောင်ဆန်းဦးနဲ့ မျိုးမြင့်ဦးတို့ဟာ အကြမ်းဖက် သမားတွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုတဲ့ သတင်းအရ လုံခြုံရေးတပ်ဖွဲ့က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်ညပိုင်းက ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပြီးစစ်ဆေးပေါ်ပေါက်ချက်အရ သတင်းထောက်ဆိုသူနှစ်ဦးဟာ အကြမ်းဖက် သမားတွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိတဲ့အပြင် အချို့သော အကြမ်းဖက်လုပ်ရပ်တွေမှာ ကိုယ်တိုင်ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဝန်ခံထားတာကြောင့် အောင်ဆန်းဦး ဆိုသူကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ- ၅၂(က)၊ (ခ)တို့နဲ့ အမှုဖွင့်ဖို့လုပ်ဆောင်ခဲ့သလို မျိုးမြင့်ဦး ဆိုသူကို ၅၀(ည)၊ ၅၂(က)၊ (ခ)တို့နဲ့ တရားစွဲဆိုဖို့ လုပ်ဆောင်ထားတယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့သတင်းဌာနတွေက Dawei Watch သတင်းထောက်နှစ်ယောက် ဖမ်းဆီးခံရချိန်မှာ ရေးသားဖော်ပြမှု ရှိခဲ့ပါတယ်။

Dawei Watch သတင်းဌာနဖော်ပြမှုအရ အောင်ဆန်းဦးဟာ ထောင်ဒဏ် နှစ် ၂၀၊ မျိုးမြင့်ဦးဟာ ထောင်တစ်သက်တစ်ကျွန်းကျတာလို့ ရေးသားထားပြီး ဒီသတင်းထောက်နှစ်ယောက်ကို ဖမ်းဆီးချိန် သတင်းရေးသားမှုကြောင့်လို့ ပြောဆိုဖမ်းဆီးတာ၊ စစ်အုပ်ချုပ်ရေးနယ်မြေမဟုတ်တဲ့ မြိတ်ထောင်တွင်းမှာ စစ်ခုံရုံးနဲ့စီရင်တာ၊ ပုဒ်မအသေးစိတ် ထုတ်မပြောတာ၊ ခုခံချေပခွင့်မပေးတာ စတာတွေကြောင့် ဒီပြစ်ဒဏ်တွေကို ကန့်ကွက်ပြီး ဖမ်းဆီးခံသတင်းထောက်နှစ်ယောက် အမြန်ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *