September 20, 2024

၂၇.၈. ၂၀၂၄
Written by Shwe Phyo

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းဒေသကြီးတွင် လတ်တလော ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ကြသူ မိသားစုများအတွက် စားနပ်ရိက္ခာအကူအညီများကို ယခုသီတင်းပတ်အတွင်း စတင်ပေးဝေနေကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးရှိ ရေလွှမ်းမိုးခြင်းခံရသည့်နေရာများတွင် ခန့်မှန်းလူဦးရေ ၅၀၀၀၀၀ ခန့် နေထိုင်လျက်ရှိနေပြီး လာမည့်ရက်ပိုင်းအတွင်း ရေဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသော ရေဘေးသင့်သူ လူဦးရေ ၃၅,၀၀၀ ခန့်အား ဆန်နှင့် အားဖြည့်ဘီစကစ်များ ထောက်ပံ့သွားရန် စီစဉ်ထားကြောင်း WFP က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ကူညီထောက်ပံ့ပေးမှုနှင့်အတူ လတ်တလောအာဟာရချို့တဲ့မှုကို ကာကွယ်တားဆီးနိုင်ရန်အတွက် မိခင်နှင့် ကလေးများအတွက် အာဟာရအထောက်အပံ့များကိုပါ တွဲဖက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Sheela Matthew က“မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးလို့ တင်စားကြတဲ့ ဧရာဝတီတိုင်းဒေသကြီးဟာ ရေကြီးမှုလို ရာသီဥတုဖြစ်စဉ်တွေကြောင့် အလွန်ထိခိုက်လွယ်တဲ့ ဒေသတစ်ခုပါ။ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ ရေလွှမ်းမိုးမှုတွေကြောင့် မိုးစပါးအထွက်နှုန်း သိသိသာသာလျော့ကျသွားစေနိုင်တဲ့ အန္တရာယ်ရှိနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ ထိခိုက်လွယ်သူတွေ၊ အထူးသဖြင့် တစ်နိုင်တစ်ပိုင်လယ်ယာလုပ်ကိုင်သူတွေရဲ့ စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒီအကျိုးသက်ရောက်မှုဟာ ဧရာဝတီတိုင်းဒေသကြီး တစ်ခုတည်းမှာမဟုတ်ဘဲ မြန်မာနိုင်ငံတစ်ဝန်းမှာပါ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနိုင်ခြေရှိပါတယ်။ ဒီလိုအခြေအနေတွေကနေ စားနပ်ရိက္ခာပြတ်လပ်မှုတွေဖြစ်မလာစေဖို့ WFP အနေနဲ့ မြန်မြန်ထက်ထက် တုံ့ပြန်လုပ်ဆောင်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ရေကြီးရေလျှံမှု မတိုင်ခင်ကပင် ဧရာဝတီတိုင်းတွင် လူဦးရေ ၁ ဒသမ ၅ သန်း (စုစုပေါင်း လူဦးရေ၏ လေးပုံတစ်ပုံခန့်) သည် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေကြောင်း မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက် ၂၀၂၄ ခန့်မှန်းချက်အရ သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် လယ်မြေဧက သိန်းနှင့်ချီ ရေနစ်မြုပ်ခဲ့ရကြောင်း WFP က သတင်းထုတ်ပြန်ထားပြီး ရေကြီးမှုဒဏ်ကို အပြင်းထန်ဆုံးထိခိုက်ခဲ့ရသော ‌‌နေရာများတွင် စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် တစ်ကိုယ်‌ရေသန့်ရှင်းရေးအကူ အညီများ အရေးပေါ် လိုအပ်လျက်ရှိနေကြောင်း၊ ရေလွှမ်းမိုးမှုဒဏ်မှ ပြန်လည်ရုန်းထနိုင်အောင် ကြိုးစားလျက်ရှိကြသည့် တစ်နိုင်တစ်ပိုင်လယ်ယာလုပ်ကိုင်သူများကို ကူညီထောက်ပံ့ပေးနိုင်ရန်အလွန်အရေးကြီးနေကြောင်း WFP ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုစတင်ပေးအပ်မည့် အထောက်အပံ့သည် WFP အနေဖြင့် ၉ နှစ်အကြာမှ ဧရာဝတီတိုင်းဒေသကြီးသို့ ပြန်လည်ကာ ပေးအပ်သည့် အကူအညီများ ဖြစ်ကြောင်း၊ WFP သည် ယခင်က နောက်ဆုံးအကြိမ်အနေဖြင့် ၂၀၁၅ ခုနှစ်တွင် တိုင်းဒေသကြီးအတွင်း နေရာအနှံ့ ရေလွှမ်းမိုးခဲ့စဉ်က အကူအညီများပေးအပ်ခဲ့ဖူးကြောင်း သိရသည်။

REF UN

Leave a Reply

Your email address will not be published. Required fields are marked *