၂၇. ၈. ၂၀၂၄
Translated by Htwe Ko Tun
မြန်မာ့ယွန်းထည်ပညာက မြန်မာတို့ရဲ့ ပန်းဆယ်မျိုးယဉ်ကျေးမှုအနုပညာတွေအနက် တစ်မျိုးဖြစ်ပြီး နှစ်ပေါင်းကြာရှည်လှပြီဖြစ်တဲ့ ရှေးဟောင်းရိုးရာအနုပညာတစ်ခုပါပဲ။
မြန်မာနိုင်ငံအတွင်းမှာတော့ ယွန်းထည်ပညာဟာ မြန်မာတို့ရဲ့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေလို့ဆိုရမယ့် မြန်မာနိုင်ငံအလယ်ပိုင်း ရှေးဟောင်းမြို့တော် ပုဂံမြို့မှာ ရှေးခေတ်ယဉ်ကျေးမှုအမွေအနှစ်တွေကို ဆက်လက်ခံယူရင်း အဓိကအားဖြင့် ဆက်လက်ဖွံ့ဖြိုးတိုးတက်နေတယ်လို့လည်း ဆိုရမှာပါ။
ပုဂံမြို့မှာရှိတဲ့ ယွန်းထည်ပစ္စည်းဆိုင်တွေထဲက တစ်ခုဖြစ်တဲ့ ရွှေရတီယွန်းထည်ပစ္စည်းဆိုင်ရဲ့ ပိုင်ရှင်ဖြစ်တဲ့ အသက် ၄၇ နှစ်အရွယ် မမာမာရွှေကဆိုရင် “ကျွန်မတို့မိသားစုဟာ ယွန်းထည်ပညာလုပ်ငန်းနဲ့ အသက်မွေးလာတာ အနှစ် ၇၀ ကျော်ပြီ။ ကျွန်မတို့ မိသားစုရဲ့ မျိုးဆက်တွေ အဆင့်ဆင့် ဆက်ခံလုပ်ကိုင်ခဲ့တာပေါ့။ မြန်မာတို့ရဲ့ ရိုးရာ၊ လက်မှုပညာရပ်တွေကို အထောက်အကူပြု သက်သေပြတဲ့အနေနဲ့ ကျွန်မတို့မိသားစုက ယွန်းထည်ပညာကို ထိန်းသိမ်းလာခဲ့တာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် သူမက “လူတွေအဖို့ ယွန်းထည်ပညာနဲ့ပတ်သက်လို့ စဉ်းစားကြမယ်ဆိုရင် ဒီပညာအစပြုခဲ့တဲ့ နေရာဖြစ်တဲ့ ပုဂံမြို့ကို ထည့်သွင်းနှီးနွယ်စဉ်းစားရမှာပဲ။ ချန်ထားလို့မရဘူး။ ပုဂံမြို့က ပန်းယွန်းပညာ ခေါ်ကြတဲ့ ယွန်းထည်လက်မှုပညာရဲ့ အသည်းနှလုံးလို့ဆိုရမှာပါ။ ပုဂံကနေမှ ကျွန်မတို့ ထုတ်ကုန်တွေ တခြားဒေသတွေကို ကျွန်မတို့ အဆင့်ဆင့်ဖြန့်ဖြူးပေးတာပါ” လို့ ထပ်မံပြောခဲ့ပါသေးတယ်။
ပုဂံမြို့ထဲမှာပဲ ဦးဘညိမ်း ယွန်းထည်ပစ္စည်းအလုပ်ရုံရဲ့ မန်နေဂျာဖြစ်တဲ့ အသက် ၄၅ နှစ်ရှိ ကိုအောင်ကျော်ထွန်းက “ကျွန်တော်တို့မိသားစုဆို ဒီယွန်းထည်ပညာနဲ့ အသက်မွေးလာတာ ၇၇ နှစ်လောက်ရှိပြီ။ ကျွန်တော်တို့ အဘေး လက်ထက်ကစလို့ မျိုးဆက်သုံးခုလောက် ဒီပညာကို လက်ဆင့်ကမ်းလာခဲ့တာပါ” လို့ ပြောသွားခဲ့ပါသေးတယ်။
ယွန်းထည်လက်မှုအနုပညာနဲ့ အသက်မွေးဝမ်းကြောင်းစီးပွားရေးလုပ်ဖို့က တကယ်ဆိုရရင် စိန်ခေါ်မှုတွေအများကြီးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ကုန်ကြမ်းပစ္စည်းတွေဖြစ်တဲ့ ဝါး၊ သစ်သားနဲ့ မြင်းမြီးစတာတွေကလည်း ရှားပါးဈေးကြီးလာပါတယ်။ ဒီအချက်တွေက ထုတ်လုပ်မှုကိုလျော့စေပြီး အကူအလုပ်သမားတွေအဖို့ အခက်အခဲတွေဖြစ်စေပါတယ်။ ငယ်ရွယ်တဲ့မျိုးဆက်သစ်လူငယ်တွေဟာ တခြားအလုပ်တွေရှာတာ ဒါမှမဟုတ် ပြည်ပထွက်ပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေရဖို့ ကြိုးစားတာတွေလုပ်လာတာနဲ့အမျှ ယွန်းထည်လုပ်ငန်းမှာ ကျွမ်းကျင်အလုပ်သမားကလည်း တစ်စတစ်စ ရှားပါးမှုကို ကြုံတွေ့လာနေရပြန်ပါတယ်။
ဒါပေမယ့် ကိုအောင်ကျော်ထွန်းကတော့ ဒီလိုအခက်အခဲ စိန်ခေါ်မှုတွေရှိနေပေမယ့် ဒီလက်မှုပညာကို အနာဂတ်မျိုးဆက်တွေအနေနဲ့ ဆက်လက်ထိန်းသိမ်းကြမှာပါလို့ဆိုခဲ့ပါတယ်။
ပန်းယွန်းပညာ (ခေါ်) ယွန်းထည်အနုပညာလက်မှုပညာက မြန်မာလူမျိုးတို့ရဲ့ သုခုမအနုပညာရပ်တွေဖြစ်တဲ့ ပန်းဆယ်မျိုးမှာ တစ်မျိုးအပါအဝင်ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်နဲ့ချီတဲ့ ပုဂံခေတ်ကာလထဲက စတင်တည်ရှိလာတာလို့ လေ့လာသိရှိရပါတယ်။ မြန်မာတို့ရဲ့ ပထမဆုံးမင်းနေပြည်အဖြစ် ထူးခြားသမိုင်းဝင်မှုကြောင့်လည်း အခုထက်တိုင် ပုဂံမှာ ဒီရိုးရာယွန်းထည်ပညာကို ဂုဏ်ယူစွာနဲ့ ဆက်လက်ထိန်းသိမ်းတည်ရှိနေစေခဲ့တာပဲလို့ ဆိုရမှာပါ။
ယွန်းထည်ပညာအသင်းအဖွဲ့တွေနဲ့ ယွန်းပညာကောလိပ်တို့ကိုပါ ပုဂံမြို့မှာ တည်ထောင်ဖွင့်လှစ်ထားနိုင်တာကို တွေ့ရတော့ ဒါတွေက သမိုင်းအစဉ်အလာယဉ်ကျေးမှုနဲ့အတူ နှစ်ပေါင်းများစွာတည်ရှိလာတဲ့ မြန်မာတို့ရဲ့ ပန်းဆယ်မျိုးဝင် ပန်းယွန်း (ခေါ်) ယွန်းထည်ပညာကို မပျောက်ပျက်ရအောင် ထိန်းသိမ်းစောင့်ရှောက်မှုလို့လည်း ယူဆမိပါတော့တယ်။
Ref- Xinhua