September 20, 2024

၂၇.၈.၂၀၂၄
Written by Hey Mar

သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အထက် ၂ ပေခန့်မြင့်တက်လာ‌ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်‌ကြေညာထားပြီး မြစ်ကမ်းအနီး မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်ရောက်နေပြီဖြစ်ပေမယ့် စိုးရိမ်ရတဲ့ အခြေအနေမဟုတ်သေးတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ မစသေးဘူးလို့ ဒေသခံလူမှုကယ်ဆယ်ရေးအသင်းဖြစ်တဲ့ မြန်မာနိုင်ငံလူမှုကယ်ရေးအသင်း (ဘားအံ) မှ ပေးဆပ်သူ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

ဒီမနက်ပိုင်း ၇ နာရီခွဲအချိန်ခန့်က မိုးဇလရဲ့ ထုတ်ပြန်ချက်မှာတော့ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ ပေခန့် ကျော်လွန်လာပြီး နောက်ရက်မှာလည်း လက်ရှိထက် မြစ်ရေက ပေဝက်ခန့် ထပ်မံမြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းနဲ့ ဩဂုတ်လဆန်းပိုင်းမှာ ဘားအံမြို့ပေါ်မှာ သံလွင်မြစ်ရေကြောင့် ရေကြီးရေလျှံမှု နှစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး မြစ်တစ်ကြောမှာရှိတဲ့ ဘားအံ၊ ကမမောင်းမြို့တွေအပါအဝင် ဒေသခံတွေ ရေဘေးကို ရက်အတန်ကြာ ရင်ဆိုင်ခဲ့ရပြီး ဘားအံမြို့နယ်မှာ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၂၀ ဖွင့်လှစ်ခဲ့ရကာ အိမ်ထောင်စုပါင်း ၃၀၀၀ နီးပါးနဲ့ လူဦးရေ ၈၀၀၀ ကျော်ကို နေရာချထားပေးခဲ့ရတယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက အစိုးရသတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံလူမှုကယ်ရေးအသင်း (ဘားအံ) မှ ပေးဆပ်သူ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ‘’အခုအခြေအနေအရတော့ စိတ်ပူရတဲ့အထိတော့ မဟုတ်သေးဘူး။ အစိုးရထုတ်ပြန်ချက်မှာ ၇၅၀ မှာ အခုက ၈၀၀ ကျော်လောက် တက်သေးတာဆိုတော့ သိပ်စိုးရိမ်ရတဲ့ အနေအထား မဟုတ်သေးပါဘူး။ ဖြစ်လေ့ရှိတဲ့ အနေအထားပါ။ ဒါပေမယ့် ဒီနှစ်မှာ ရေဘေးက အရင်က ထက် ရေဝင်တဲ့ ဧရိယာကျယ်လာတယ်။ ဒါကတော့ ထူးခြားတာပေါ့“ လို့ MT News ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *