September 20, 2024

၂၇. ၈. ၂၀၂၄
Translated by Htwe Ko Tun

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ကြည်းတပ်နဲ့ လေတပ်တို့ စုပေါင်းပါဝင်မှာဖြစ်ပြီး ကျည်အစစ်တွေနဲ့ ပစ်ခတ်လေ့ကျင့်မယ်ဆိုတဲ့ သုံးရက်ကြာပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ရဲ့ တရုတ်ဘက်အခြမ်းမှာ ဩဂုတ် ၂၇ ရက်မှာ စတင်ပြုလုပ်နေတယ်လို့ သိရပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ စစ်ဒေသတောင်ပိုင်းတိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ဗိုလ်မှူးကြီး တီယန် ဂျန်လီ(Tian Junli) က ဒီစစ်ရေးလေ့ကျင့်မှုဟာ စစ်ထောက်လှမ်းမှုပြုလုပ်ခြင်း၊ ကြိုတင်သတိပေးမှုပြုခြင်း၊ နယ်မြေထိန်းချုပ်ခြင်းနဲ့ ပစ်ခတ်နိုင်စွမ်းအားတွေကို စမ်းသပ်ဖို့ရည်ရွယ်ပါတယ်လို့ WeChat လူမှုကွန်ရက်ပေါ်က တရားဝင်ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ သူက စစ်ရေးလေ့ကျင့်မှုကို ဩဂုတ်လ ၂၉ ရက်အထိ သုံးရက်ကြာပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ စစ်ရေးလေ့ကျင့်မှုကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့ ယူနန်ပြည်နယ်အစိုးရတို့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း ဩဂုတ်လ ၂၆ ရက်မှာ ပြောခဲ့ပါတယ်။

ကျည်အစစ်တွေနဲ့ ပစ်ခတ်လေ့ကျင့်မယ်ဆိုတဲ့ ဒီစစ်ရေးလေ့ကျင့်မှုက နယ်စပ်ရဲ့ဒီဘက် မြန်မာနိုင်ငံဘက်ခြမ်းမှာ မြန်မာ့တပ်မတော်နဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေအရှိန်မြင့်နေတုံးမှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့က နိုင်ငံအတွင်း အခြေအနေတည်ငြိမ်စေရေးအတွက် ဇူလိုင်လကုန်မှာ အရေးပေါ်အခြေအနေကို နောက်ထပ် ခြောက်လတိုးမြှင့်ထားတာပါ။

တီယန် ဂျန်လီကတော စစ်ရေးလေ့ကျင့်မှုမှာပါဝင်တဲ့တပ်ဖွဲ့တွေက ရုတ်တရက်မမျှော်လင့်တဲ့ ဖြစ်လာမယ့် အခြေအနေတွေကို တုံ့ပြန်နိုင်ဖို့ အစဉ်အမြဲကြိုတင်ပြင်ဆင်နေပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ပြည်သူတို့ရဲ့အသက်နဲ့ စည်းစိမ်ဥစ္စာတွေ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် အာမခံပါတယ်လို့ ပြောခဲ့ပါသေးတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ သတင်းအစီရင်ခံပြောကြားသူဖြစ်တဲ့ Song Zhongpin ကလည်း အခုပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုက မြန်မာနိုင်ငံပြည်တွင်းစစ်ကတစ်ဆင့် ပြဿနာတွေဖြစ်ပေါ်လာနိုင်မှုကိုတားဆီးဖို့နဲ့ မြန်မာနဲ့ တရုတ် နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေး အာမခံနိုင်ဖို့ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရဲ့ မြောက်ပိုင်းဒေသက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစပြီး လူမျိုးစု လက်နက်ကိုင်စစ်သွေးကြွသုံးဖွဲ့နဲ့ အကြမ်းဖက်တွေ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အဓိကစစ်မြေပြင်ဖြစ်ကာ မတည်မငြိမ်ဖြစ်နေခဲ့တာပါ။ နယ်စပ်ကိုဖြတ်ကျော်ပြီး တရုတ်နိုင်ငံဘက်ကိုကျရောက်ကာ ဒဏ်ရာရသူငါးဦး ယူနန်ပြည်နယ်အတွင်း ဇန်နဝါရီလက ရှိခဲ့ဖူးတာကြောင့် တရုတ်အစိုးရအနေနဲ့ နယ်မြေငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအပြင် နယ်စပ်ဒေသလုံခြုံရေးကိုပါစိုးရိမ်မိလို့ ခုလိုစစ်ရေးလေ့ကျင့်ခန်း ပြုလုပ်ရတာလို့လည်း Song က ဆက်လက်ပြောခဲ့ပါတယ်။

တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ လက်ရှိဆောင်ရွက်နေတဲ့ စီးပွားရေးစီမံကိန်းလုပ်ငန်း‌တွေ များစွာရှိနေပါတယ်။ ဒီထဲမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လည်း ပါဝင်ပါတယ်။ ဒါ့ပြင်အိမ်နီးချင်းနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက တရုတ်ရဲ့ မဟာဗျူဟာမြောက်ရည်မှန်းချက်ဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်ထွက်လမ်းရရှိရေးအတွက် အထူးအရေးပါတဲ့နိုင်ငံလည်း ဖြစ်နေပြန်ပါတယ်။ တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို ဖြတ်လျက် အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်ထွက်လမ်းရရှိမှသာ လုံခြုံရေးအရစိတ်မချရတဲ့ မလက်ကာရေလက်ကြားကိုဖြတ်ပြီး သူ့နိုင်ငံအတွက် ရေနံထုတ်ကုန်တွေတင်သွင်းနေရမှု လျှော့ချနိုင်မှာပါ။

ဩဂုတ်လထဲမှာဆိုရင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံသို့သွားရောက်ခဲ့ကာ မြန်မာနိုင်ငံခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အချင်းချင်း လျော့တိလျော့ရဲ ခိုင်မာမှုမရှိ ပေါင်းစည်းမဟာမိတ်ဖွဲ့ထားတဲ့ မြန်မာနိုင်ငံလူမျိုးစုလက်နက်ကိုင်အုပ်စုတွေနဲ့ မြန်မာအစိုးရအကြား ကြားဝင်စေ့စပ်ပေးသူအဖြစ် တရုတ်အစိုးရက ဆောင်ရွက်ဖို့ ထပ်မံကြိုးစားမှုလို့လည်း ဆိုနိုင်ပါလိမ့်မယ်။ ဒါ့ပြင် တရုတ်အစိုးရအနေနဲ့ သူ့ရဲ့မဟာဗျူဟာမြောက်စီမံကိန်းတွေ အောင်မြင်ဖို့ရာ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းမှုရှိဖို့လိုနေတာကလည်း အဓိကအချက်ဖြစ်စေမှာပါ။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးဖြစ်တဲ့ Zhou Bo ကလည်း တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံဘက်က ပဋိပက္ခက တရုတ်နိုင်ငံဘက်ကူးစက်လာမှာ လုံးဝလက်မခံပါဘူး။ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ကြားဝင်ဆောင်ရွက်ပေးဖို့လည်း လိုလားပါတယ်လို့ ပြောကြားသွားခဲ့ပါသေးတယ်။

ဒါပေမယ့် Zhou Bo က “ဒီကိစ္စက မဖြစ်နိုင်ဘူး မဆိုနိုင်ပေမယ့် တော်တော်တော့ မလွယ်ကူတဲ့ကိစ္စပါ။ ခိုင်မာတဲ့ပေါင်းစည်းမှုမဟာမိတ်ဖွဲ့မှုမရှိကြတဲ့ မြန်မာနိုင်ငံရဲ့ လူမျိုးစုလက်နက်ကိုင်အုပ်စုတွေကြားမှာ အစိုးရနဲ့ ငြိမ်းချမ်းရေးရဖို့ အများသဘော တူဆန္ဒတစ်ရပ် ရရှိဖို့ကလည်း အတော်ကိုမလွယ်တာပါ” လို့ နောက်ဆုံးပြောခဲ့ပါသေးတယ်။

Ref- SCMP

Leave a Reply

Your email address will not be published. Required fields are marked *