September 20, 2024

ပုံစာ- စွန့်ပစ် EV ဘတ္ထရီများနှင့် EV တွင် အသုံးပြုသည့် လစ်သီယမ်ဘတ္ထရီအသစ်များကို တွေ့ရစဉ် (Photo- Internet)

၂၇. ၈. ၂၀၂၄
Written by Nyein Kyaw

ပြည်ပနိုင်ငံများတွင် အသုံးပြုပြီးသော လျှပ်စစ်သုံးယာဉ်(EV)မှ ထွက်ရှိသည့် စွန့်ပစ်ဘတ္ထရီများနှင့် လျှပ်စစ်သုံးယာဉ်ဆိုင်ရာ အခြားစွန့်ပစ္စည်းများအား ပြည်တွင်းသို့ တင်သွင်းခြင်းမပြုကြောင်း သယံဇာတနှင့် သယာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဩဂုတ်လ ၇ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၇၀/၂၀၂၄) ဖြင့် ထုတ်ပြန်ထားသည်။

“အဓိက,က EV မပေါ်ခင်ကတည်းက ဘတ္ထရီပြဿနာတွေရှိတယ်ပေါ့။ ဘတ္ထရီအိုးတွေကို လူတွေက ပြန်ပြီးတော့လုပ်တဲ့အခါမှာ ဒီဟာက စွန့်ပစ်ပစ္စည်းပေါ့။ စွန့်ပစ်ပစ္စည်းတောင် ဘေးအန္တရာယ်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေပေါ့။ အဲဒါတွေအတွက်ဆို နိုင်ငံတကာကလည်း သတ်မှတ်ထားတာရှိတယ်။ ဒီမှာ EID မှာ သတ်မှတ်ထားတာလည်းရှိတယ်ဆိုတော့ EV ပေါ်လာတဲ့အခါမှာလည်း ဒီဟာကို ဒါတွေက စွန့်ပစ်ပစ္စည်းဖြစ်လာမှာပဲလေ။ ဘတ္ထရီတွေက။ ဒီဟာကို ညွှန်ကြားချက်ထွက်ဖို့လိုတယ်ပေါ့။ ဒါကို အဖွဲ့တွေခေါပြီး အစည်းဝေးတွေလုပ်ပြီးတော့မှ လိုအပ်တဲ့သတ်မှတ်ချက် ဒါကတော့ လုပ်မှဖြစ်မယ်။ ဘာလို့ဆို တဖြည်းဖြည်းနဲ့ ကျွန်မတို့ဆီမှာ အမှိုက်ပုံကြီးဖြစ်မလာဖို့။ အဓိကတော့ အမှိုက်ပုံနိုင်ငံကြီးဖြစ်နေမှာစိုးလို့ ဒီလိုဟာမျိုးကို ဘေးစည်းရန်ကာ ထုတ်တဲ့သဘောဖြစ်ပါတယ်” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါ်ဇင်မာထွန်းက ပြောသည်။

အဆိုပါ ညွှန်ကြားချက်ပါ လိုက်နာဆောင်ရွက်ရမည့် အချက်တစ်ရပ်ရပ်ကို ပျက်ကွက်သူသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၂ အရ အရေးယူခြင်းခံရမည်ဖြစ်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူသည် တစ်နှစ်ထက် မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်သည်။

ပြည်ပနိုင်ငံမှ အသုံးပြုပြီး EV ဘက်ထရီများကို တင်သွင်းခြင်းထက် ပြည်တွင်း၌ အသုံးပြုပြီးသော EV များမှ ထွက်ရှိသည့် စွန့်ပစ်ဘတ္ထရီနှင့် အခြားစွန့်ပစ်ပစ္စည်းများကို ပြည်တွင်း၌ပင် ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်းကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ဖြစ်ကြောင်း ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ပြည်ပနိုင်ငံများ အသုံးပြုပြီးသော EV ကားများမှ စွန့်ပစ်ဘတ္ထရီများကို ပြည်တွင်းသို့ တင်သွင်းပြီး အသုံးပြု၍ ရရှိသေးသော လစ်သီယမ်(Lithium) ဘတ္ထရီများအား ဘတ္ထရီစက်ဘီးများတွင် ပြန်လည်အသုံးပြုနေခြင်းဖြစ်ကာ ဘတ္ထရီအသစ်ထက် ဈေးနှုန်းထက်ဝက် သက်သာမှုရှိကြောင်း သိရသည်။

“လစ်သီယမ်ဘတ္ထရီအသစ်ကို တရုတ်ကနေသွင်းတယ်။ EV မှာ သုံးပြီးသား ဘတ္ထရီအဟောင်းတွေလည်း သွင်းတယ်။ အဲဒါတွေကိုတော့ ဘတ္ထရီစက်ဘီးတို့၊ အိမ်သုံးဘတ္ထရီတွေ ပြန်ဆင်တဲ့အခါလည်း သုံးတယ်။ သူကရောက်လာရင် ပြန်စမ်းပြီး ကောင်းတဲ့အလုံးတွေကို ပြန်ဆင်သုံးတာ။ အသစ်ထက် ဈေးက ထက်ဝက်လောက် သက်သာတယ်။ အခုဆို နယ်စပ်လမ်းကြောင်းပိတ်နေတော့ အသစ်တွေလည်း တင်သွင်းဖို့ခက်နေတာ။ ပြည်တွင်းမှာပဲ ဒါကို ထုတ်လုပ်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့” ဟု တောင်ဒဂုံမြို့နယ်ရှိ လျှပ်စစ်စက်ဘီးဘက်ထရီ ပြုပြင်၊ ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

လျှပ်စစ်သုံးယာဉ် (EV)ဆိုင်ရာ အခြားစွန့်ပစ်ပစ္စည်းဆိုသည်မှာ သတ္တု သို့မဟုတ် ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော ယာဉ်ကိုယ်ထည်၏ အစိတ်အပိုင်းများ၊ တာယာများ၊ အအေးခံဆေးရည် (Coolant) နှင့် ဘရိတ်ဆီ (Brake Fluid) များ၊ လေအိတ်များ၊ ပြန်လည်ပြုပြင်ထုတ်လုပ်သုံးစွဲနိုင်သည့် စွန့်ပစ်အီလက်ထရောနစ်အစိတ်အပိုင်းများ၊ EV တွင် တပ်ဆင်အသုံးပြုထားသော မှန်ချပ်အမျိုးမျိုး၊ ဒက်ရှ်ဘုတ် (Dashboard) အပါအဝင် ယာဉ်အတွင်းပိုင်းတွင် တပ်ဆင်ထားသော ပလတ်စတစ် အစိတ်အပိုင်းများ၊ ထိုင်ခုံများကိုဆိုလိုကြောင်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *