September 20, 2024

◾️ ယနေ့ နံနက်ပိုင်းတွင် ဒေါ်လာဈေး ကျပ် ၅၆၀၀ သို့ ပြန်ကျဆင်းလာ

၂၇. ၈. ၂၀၂၄
Written by Nyein Kyaw

ယခုဩဂုတ်လအတွင်း ဒေါ်လာ ၁၄၂ သန်းအထိ ထုတ်ရောင်းချပေးထားသော်လည်း ဒေါ်လာဈေး တစ်ဒေါ်လာ ကျပ် ၅၈၅၀ အထိသာ ကျဆင်းသေးသဖြင့် ဒေါ်လာဈေးနှုန်း ထပ်မံကျဆင်းစေရေး တစ်ဒေါ်လာ ၃၄၆၀ ဖြင့် ဒေါ်လာ ၃၅ သန်းကျော်အား ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း ဩဂုတ်လ ၂၆ ရက်တွင် ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာရင်းများအရ သိရသည်။

စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကြေညာခဲ့ပြီးနောက် တစ်ဒေါ်လာ ကျပ် ၃၄၀၀ ဝန်းကျင်ဖြင့် ဩဂုတ်လ ၁၅ ရက်တွင် ဒေါ်လာ ၉ ဒသမ ၄၈၉ သန်း၊ ဩဂုတ်လ ၁၉ ရက်တွင် ဒေါ်လာ ၈၉ ဒသမ ၉၇၅ သန်းနှင့် ဒေါ်လာ ၃၁ သန်း စုစုပေါင်းဒေါ်လာသန်း ၁၃၁ ခန့် ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။

ယခုဒေါ်လာ ၃၅ သန်းကျော်အပါအဝင် ဩဂုတ်လ ၁ ရက်မှ ၂၆ ရက်အထိ တစ်လအတွင်း ဒေါ်လာ ၁၇၇ သန်း၊ တရုတ်ယွမ် ၁၉ သန်းနှင့် ထိုင်းဘတ် ၇၉ သန်း ရောင်းချပေးခဲ့ပြီးဖြစ်သော်လည်း နိုင်ငံခြား‌ငွေ ရောင်းပေးချိန် အနည်းငယ်သာ ဒေါ်လာဈေးကျဆင်းပြီး မရောင်းသည့်အချိန်များတွင် အဆမတန်ဈေးဆွဲတင်ခြင်းခံခဲ့ရ၍ ယခုဩဂုတ်လအတွင်း တစ်ဒေါ်လာ ကျပ် ၇၀၀၀ ကျော်အထိ မြင့်တက်ခဲ့မှုများပင်ရှိခဲ့သည်။

ဇူလိုင်လဆန်းမှစတင်ပြီး တစ်ဒေါ်လာ ကျပ် ၄၆၀၀ သို့ မြင့်တက်ခဲ့သဖြင့် ဇူလိုင်လအတွင်း ဗဟိုဘဏ်မှ ဒေါ်လာသန်း ၂၀ ကျော်နှင့် တရုတ်ယွမ် ၅ သန်း ထုတ်ရောင်းပေးခဲ့သော်လည်း ဇူလိုင်လကုန်တွင် တစ်ဒေါ်လာ ကျပ် ၅၀၀၀ ကျော်သို့ စတင်မြင့်တက်ခဲ့သည်။

ယခုဩဂုတ်လတွင် ဒေါ်လာသန်း ၁၄၂ သန်း ရောင်းချပေးခဲ့သော်လည်း ဒေါ်လာဈေးနှုန်းသည် ဇူလိုင်လဆန်းပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ကျပ် ၄၅၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာခြင်း မရှိသည်ကို တွေ့ရှိရသည်။ ယမန်နေ့တွင် ဒေါ်လာ ၃၅ သန်းကျော် ထပ်မံထုတ်ရောင်းပေးခဲ့၍ တစ်ဒေါ်လာ ကျပ် ၅၆၀၀ သို့ ပြန်ကျဆင်းလာခဲ့သည်။

ယင်းကဲ့သို့ ကျဆင်းလာခြင်းမရှိသည်မှာ လက်ရှိအချိန်တွင် ဒေါ်လာရောင်းချသူများသည် တစ်ဒေါ်လာ ကျပ် ၆၀၀၀ အောက်ကျဆင်းပါက ပေါက်ဈေးဖြင့် ဒေါ်လာထုတ်ရောင်းမှု မရှိတော့ခြင်းကြောင့် ဒေါ်လာမဖြစ်မနေလိုအပ်နေသူများအနေဖြင့် ပေါက်ဈေးထက် ဈေးနှုန်းမြှင့်ပေးဝယ်ရသည့် အခြေအနေများရှိကြောင်း ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူများထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ရက်အလိုက် အမြင့်ဆုံး တစ်ဒေါ်လာ ဈေးနှုန်းများမှာ ဩဂုတ် ၁၄ ရက်တွင် ကျပ် ၆၆၀၀၊ ဩဂုတ် ၁၅ ရက်တွင် ကျပ် ၆၅၀၀၊ ဩဂုတ် ၁၆ ရက်တွင် ကျပ် ၆၀၀၀၊ ဩဂုတ် ၁၇ ရက်တွင် ကျပ် ၆၃၀၀၊ ဩဂုတ် ၁၈ ရက်တွင် ကျပ် ၆၃၀၀၊ ဩဂုတ် ၁၉ ရက်တွင် ကျပ် ၆၃၅၀၊ ဩဂုတ် ၂၀ ရက် နံနက်ပိုင်းတွင် ကျပ် ၆၃၅၀ မှ ညနေပိုင်းတွင် ကျပ် ၆၁၀၀၊ ဩဂုတ် ၂၁ ရက်တွင် ကျပ် ၅၉၀၀၊ ဩဂုတ်လ ၂၂ ရက်တွင် ကျပ် ၆၂၀၀၊ ဩဂုတ် ၂၃ ရက်တွင် ကျပ် ၆၀၀၀၊ ဩဂုတ် ၂၄ ရက်တွင် ကျပ် ၅၈၅၀၊ ဩဂုတ် ၂၅ ရက်တွင် ကျပ် ၅၈၅၀၊ ဩဂုတ် ၂၆ ရက်တွင် ကျပ် ၅၈၅၀၊ ဩဂုတ် ၂၇ ရက် (ယနေ့)တွင် ကျပ် ၅၆၀၀ ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *