September 20, 2024

၂၆. ၈. ၂၀၂၄
Written by Nyein Kyaw

တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်များတိုးတက်စေရေးအတွက် ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအား သွားရောက်စစ်ဆေးစဉ် မှာကြားခဲ့သည်။

ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ လုံခြုံရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နေရန်လိုကြောင်း၊ ပြည်သူ့စစ်များ၊ စစ်မှုထမ်းဟောင်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေလုံခြုံတည်ငြိမ်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လမ်းပန်းဆက်သွယ်မှုများ လုံခြုံချောမွေ့ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရာတွင် ရေရှည်အတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၏ စွမ်းရည်များ တိုးတက်စေရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်သည့်သတင်းများ စဉ်ဆက်မပြတ်ရရှိရေး ဆောင်ရွက်ရန်လိုအပ်မှုနှင့် အခြားနယ်မြေဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာများနှင့် ပတ်သက်၍ လိုအပ်သည်များကို SAC ဥက္ကဋ္ဌက လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မန္တလေးနန်းမြို့အတွင်းရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့သွားရောက်၍ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာ မေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *