September 20, 2024

၂၆. ၈. ၂၀၂၄
Written by Phyo Wei

ကောလင်း၊ စဉ့်ကူး၊ ဒီပဲယင်းမြို့တွေကို PDF တွေ သိမ်းလိုက်နိုင်ပြီလို့ NUG ထုတ်ပြန်လိုက်တာနဲ့ ရက်ပိုင်း၊ လပိုင်း၊ နာရီပိုင်းအတွင်းမှာ ပြန်တိုက်ထုတ်ခံရတာကို မြင်ရသလို လက်ရှိမှာလည်း သပိတ်ကျင်းမြို့ကို သိမ်းလိုက်နိုင်ပြီဆိုတဲ့ သတင်းတွေကို ဒီနေ့ ဩဂုတ် ၂၆ ရက်မှာ NUG ဘက်က ထုတ်ပြန်လာတဲ့ဖြစ်စဉ် မြင်ရပါတယ်။

အခြားတစ်ဖက်မှာလည်း လားရှိုးမြို့ကို သိမ်းလိုက်တဲ့ MNDAA ကိုးကန့်တရုတ်တွေဟာ ရှမ်းစာလည်း မတတ်၊ မြန်မာစကားလည်း မပြောတတ်တာကြောင့် တရုတ်လိုပြောပြီး အုပ်ချုပ်နေတဲ့ Proxy War စင်စစ်မြင်ရတာ၊ ရခိုင်ပြည်နယ်မြို့အများစု သိမ်းယူထားတဲ့ AA ဟာ အာရက္ခနိုင်ငံတော်ဆိုပြီး နိုင်ငံခွဲထွက်ဖို့ရေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာတာ စတဲ့ဖြစ်စဉ်တွေ တွေ့မြင်ရပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ရပ်ကွက်၊ ကျေးရွာ၊ လမ်းအလိုက် လုံခြုံရေးဖော်ဆောင်ဖို့ဆိုတဲ့ အကြောင်းအရာတွေ၊ ရက်ပိုင်းအတွင်း ဘင်္ဂါလီ ၂၀၀၀ ကျော်ကို AA သတ်ဖြတ်တယ်လို့ ဘင်္ဂါလီအဖွဲ့တွေနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေက ရှုတ်ချထုတ်ပြန်တာတွေနဲ့ သန်းခေါင်စာရင်းကောက်အပြီးမှာ ရွေးကောက်ပွဲလုပ်ဆောင်မယ် ဆိုတဲ့ အကြောင်းအရာတွေကို သုံးသပ်တင်ပြချင်ပါတယ်။

ရပ်ကွက်၊ ကျေးရွာ၊ လမ်းအလိုက် ဖော်ဆောင်ရမဲ့ လုံခြုံရေး

လုံခြုံရေးနဲ့ပတ်သက်ပြီး ဒေသအလိုက် လူတစ်ဦးတစ်ယောက်ချင်းစီက လုံခြုံရေးအသိစိတ်ဓာတ်ရှိရှိနဲ့ ဆောင်ရွက်ကြဖို့လိုပြီး ပြည်သူ့လုံခြုံရေး People Security ၊ Public Security နဲ့ ပတ်သက်လို့ လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိနဲ့ ဆောင်ရွက်ဖို့လိုတဲ့အပြင် မိမိတို့နေထိုင်တဲ့ ဒေသ၊ ရပ်ကွက်၊ ကျေးရွာအလိုက်၊ လမ်းအလိုက် လုံခြုံရေးစနစ် တည်ဆောက်ဆောင်ရွက်မယ်ဆို နယ်မြေဒေသလုံခြုံရေးအတွက်များစွာ အကျိုးရှိထိရောက်စေမယ်လို့ SAC ဥက္ကဋ္ဌက ပြောကြားလာပါတယ်။

ပြည်သူ့လုံခြုံရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ Check, Recheck, Counter Check ပြုလုပ်ပြီး အပြန်အလှန် စစ်ဆေးနေဖို့ လိုအပ်မယ့်အပြင် လုံခြုံရေးပိုင်းဆိုင်ရာက နည်းလမ်းမျိုးစုံနဲ့ ထိခိုက်နေတာကြောင့် ဒေသအလိုက် ထိခိုက်မှုတွေ ဖြစ်ပေါ်နေလို့ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့လိုအပ်လို့ လုံခြုံရေးအမြင်နဲ့ ဆောင်ရွက်ဖို့လိုတယ်လို့လည်း SAC ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

လုံခြုံရေးထိခိုက်မှုဖြစ်စဉ်တွေဟာ နိုင်ငံရေးကိုအခြေခံ ဖြစ်ပေါ်လာခဲ့ပြီး မဲမသမာမှုကြောင့် အရေးပေါ်အခြေအနေ ဖြစ်ပေါ် တာကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းခြင်း မပြုဘဲ လက်နက်ကိုင်အကြမ်းဖက်တဲ့​နည်းလမ်းနဲ့ ဖြေရှင်းဖို့ လုပ်ဆောင်လာတာကြောင့်ဖြစ်တယ်လို့လည်း SAC ဥက္ကဋ္ဌက ပြောကြားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း နယ်စပ်ရေးရာဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးဦးဆောင်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ တိုင်းစစ်ဌာနချုပ်က ဒုတိယတိုင်းမှူးတွေနဲ့ ရဲချုပ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့က တာဝန်ရှိသူတွေ ပါဝင်တဲ့ ပြည်သူလုံခြုံ‌ရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ဖွဲ့စည်းထားတယ်လို့ သတင်းရေးသားဖော်ပြမှုရှိသလို ရပ်ရွာလုံခြုံရေးအတွက်လည်း ၃၅ နှစ်ကနေ ၆၅ နှစ်ကြား ပြည်သူတွေ ရပ်ကျေးပြည်သူ့လုံခြုံရေးအဖွဲ့တွေကြားမှာ ပါရမယ်လို့ သတင်းတွေလည်း ထွက်ပေါ်လာတာ တွေ့ရပါတယ်။

အစိုးရတစ်ရပ်ကို မကျေနပ်လို့ လက်နက်ဆွဲကိုင်တော်လှန်ဖို့ကြိုးပမ်းရာမှာ လက်နက်ကိုင်အချင်းချင်းတိုက်ခိုက်တာမဟုတ်တော့ဘဲ မဆိုင်တဲ့ ရဟန်းသံဃာတွေ၊ လက်နက်မဲ့ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ဆရာဆရာမတွေနဲ့ ကလေးသူငယ်တွေ အပြင် စာသင်ကျောင်းတွေ နိုင်ငံပိုင် အဆောက်အအုံတွေ လမ်းတံတားတွေကိုပါ ဖြိုဖျက် ဖျက်ဆီးတိုက်ခိုက်လာမှုဟာ အေးချမ်းစွာ နေထိုင်လိုတဲ့ ပြည်သူတွေကို ဘေးသင့်စေခဲ့တာပါပဲ။ ဒီနေရာမှာ ထိုင်းနိုင်ငံက သက်ဆင်မိသားစုဟာ စစ်တပ်အာဏာသိမ်းတာ၊ ထောင်ချခံရလို့ ပြည်ပထွက်ပြေးရတာ စတဲ့ ဖြစ်စဥ်တွေနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင် အာဏာအလုခံရတဲ့ သက်ဆင်မိသားစုဟာ ထိုင်းနိုင်ငံပျက်စီးအောင် နိုင်ငံပိုင်အဆောက်အအုံတွေ ဖြိုဖျက်တာမျိုး၊ ပြည်သူတွေဘဝပျက်အောင် စီးပွားရေးပိတ်ဆို့မှု လုပ်ဖို့ မတောင်းဆိုတာမျိုး စတဲ့ ကိုယ့်အာဏာအတွက် နိုင်ငံနဲ့ ပြည်သူကို နစ်နာအောင်ဖျက်ဆီးတာ မလုပ်ဘဲ ဥပဒေဘောင်ထဲကပဲ ဖြေရှင်းတာ တွေ့ရပါလိမ့်မယ်။ ဒီလိုမျိုး သက်ဆင်မိသားစု အသိဉာဏ်မြင့်တဲ့ နိုင်ငံရေးလုပ်တာကြောင့်၊ လက်နက်ဆွဲကိုင် ဖျက်ဆီးရေး မလုပ်တာကြောင့် ထိုင်းနိုင်ငံဟာ ဘက်ပေါင်းစုံတိုးတက်နေပေမဲ့ အသိဉာဏ်မဲ့တဲ့ မြန်မာ့နိုင်ငံရေးသမားတွေ လက်နက်ဆွဲကိုင် ဖျက်ဆီးရေးနဲ့ အလုံးစုံပျက်သုဥ်းရေးကို တော်လှန်ရေးအမည်တပ်သူတွေကြောင့် မြန်မာနိုင်ငံနဲ့ ပြည်သူဟာ ဖွပ်သထက်ညစ်လာတာတဲ့အခြေအနေလည်း ဆိုက်ရောက်လာပါတယ်။ ဒီလိုမျိုး လက်နက်ကိုင်တဲ့သူတွေ ကိုယ်ကျိုးစီးပွားရှာမှုလည်း ဆက်မဖြစ်လို၊ ၁၈ နှစ်ကနေ ၃၅ နှစ်က စစ်မှုထမ်း၊ ၃၅ နှစ်ကနေ ၆၅ နှစ်က ပြည်သူ့လုံခြုံရေးဆိုတာ ဆက်မဖြစ်လိုရင်တော့ ထွက်ပေါက်က ရွေးကောက်ပွဲပဲ ရှိပြီး ဒီရွေးကောက်ပွဲကိုပဲ ဆန့်ကျင်နေမယ်ဆိုရင်တော့ လက်ရှိထက် ပိုပြင်းထန်တင်းကျပ်တဲ့ စစ်မှုထမ်းနဲ့ ပြည်သူ့လုံခြုံရေးဥပဒေတွေကို မလွဲမသွေ ရင်ဆိုင်ရပါလိမ့်မယ်ဆိုတာ ကြိုတင်သတိပေးချင်ပါတယ်။

ရက်ပိုင်းအတွင်း ဘင်္ဂါလီ ၂၀၀၀ ကျော် သတ်ဖြတ်တဲ့ AA

ရခိုင်လက်နက်ကိုင် AA က မောင်တောမြို့သိမ်း တိုက်ပွဲပြုလုပ်ချိန် ဘင်္ဂါလီအိမ်တွေနဲ့ ရွာတွေ မီးရှို့ဖျက်ဆီးပြီး နတ်မြစ်အတွင်း ဘင်္ဂါလီ ၂၀၀၀ ကျော် သတ်ဖြတ်ခဲ့မှု ချက်ချင်းရပ်တန့်ဖို့ ဘင်္ဂါလီအဖွဲ့တွေနဲ့ ပြည်တွင်း အဖွဲ့ပေါင်း ၁၂၂ ဖွဲ့က ပူးတွဲ ထုတ်ပြန်ချက် ထုတ်ပြန် တောင်းဆိုလာပါတယ်။ တောင်းဆိုချက်မှာ ဩဂုတ် ၅ ရက်က AA ရဲ့ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုကြောင့် နတ်မြစ်အနီးမှာ ဘင်္ဂါလီ ၂၀၀ ကျော် သေဆုံးခဲ့ပြီး မကြာသေးခင် ရက်သတ္တပတ်ထဲမှာလည်း မောင်တောမြို့နဲ့ ပတ်ဝန်းကျင်ရွာတွေမှာ ဘင်္ဂါလီတွေ ဒါဇင်ချီသေဆုံးမှုဖြစ်အောင် AA က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာ၊ AA ခေါင်းဆောင်တွေက ဘင်္ဂါလီတွေအပေါ် အမုန်းစကားအသုံးပြုပြီး ပစ်မှတ်ထားဖို့ ရည်ရွယ်နေသလို ဘင်္ဂါလီတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်တဲ့ AA က တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို လွှဲချဖိုကြိုးပမ်းနေတယ်လို့ ဖော်ပြထားပေမဲ့ ဒီကျူးလွန်မှုတွေ AA လုပ်တယ်ဆိုတာ ဘွားဘွားကြီးပေါ်နေတာကြောင့် ဘင်္ဂါလီတွေကို အစုလိုက် အပြုံလိုက် AA က သတ်ဖြတ်မှုကို ကုလသမဂ္ဂဦးဆောင်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ရခိုင်ပြည်နယ်အတွင်း ခွင့်ပြုဖို့ ၁၂၂ ဖွဲ့က တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။

၂၀၅၀ ပြည့်နှစ်လောက်မှာ ဘင်္ဂလားဒေ့ရှ်မြို့ကြီးတွေဟာ ပင်လယ်ရေအောက်နစ်မြုပ်ဖွယ်ရှိနေတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား​တွေက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မြို့တွေကို သူတို့နိုင်ငံနယ်နိမိတ်မှာ ထည့်သွင်းပြီး Great Bengal အိပ်မက် မက်နေတာ ကြာပါပြီ။ လတ်တလောမှာလည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ဖြုတ်ချခံရချိန်မှာ အမေရိကန်နဲ့ အနောက်အုပ်စုဟာ နိုင်ငံမဲ့နဲ့ လူ့အခွင့်အရေးခေါင်းစဥ်အောက်မှာ ဘင်္ဂါလီတွေအတွက် ရခိုင်မြေဖဲ့ပြီး အရှေ့တီမောလို နိုင်ငံတစ်ခု ပေါ်ထွက်ဖို့လုပ်နေတာ၊ ရခိုင်လက်နက်ကိုင် AA ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ပစ်ခတ်တိုက်ခိုက်ရန်စထားတာ၊ ဒါ့အပြင် သူတို့ အိပ်မက်မက်နေတဲ့ အာရက္ခနိုင်ငံအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနေပြီး မူကြမ်းပါ ထွက်လာတာ၊ ဘူးသီးတောင်၊ မောင်တောကို AA က မီးရှို့ဖျက်ဆီးပြီး ဘင်္ဂါလီသိန်းချီ ဘဝပျက်အောင်လုပ်ထားတာနဲ့ လူထောင်ချီသတ်ဖြတ်ထားတာတွေကိုလည်း ကမ္ဘာ့စင်မြင့်တင်ပြီး ရှုတ်ချဆန့်ကျင် ကုလသမဂ္ဂတပ်တွေနဲ့ စုံစမ်းစစ်ဆေးရေးပါ ဝင်ဖို့ တောင်းဆိုလာတာ မြင်လာရပါတယ်။ ဒီဖြစ်စဥ်တွေကို ခြုံငုံကြည့်မယ်ဆိုရင် ရခိုင်က တပ်မတော်နဲ့ တိုက်ခိုက်နေလို့ ခွဲမထွက်နိုင်သေးရင်တောင် AA က မောင်တောပါ သိမ်းလိုက်ရင် ရခိုင့်မြေပါဝင်တဲ့ အရှေ့တီမောလိုနိုင်ငံတစ်ခုလိုမျိုးဖော်ဆောင်ရေးဟာ အနောက်အုပ်စုနဲ့ အစ္စလာမ္မစ်အဖွဲ့အစည်း OIC နှစ်ခုကြားမှာ ပေါ်ထွက်လာဖွယ်ရှိနေပါတယ်။ ဒီအဖြစ်အပျက်တွေဟာ မြန်မာ့အချုပ်အခြာအာဏာနဲ့ World Order သုံးရပ်လို့ ပြောကြတဲ့ American World Order ၊ China’s News World Order နဲ့ OIC (Musalim)World Order သုံးရပ်ကြားမှာ အားပြိုင်ဖွယ်ရှိနေလို့လည်း အထူးအလေးထားပြီး လုပ်ဆောင်ရမဲ့ အခြေအနေဖြစ်ပါတယ်။

သန်းခေါင်စာရင်းကောက်အပြီး လုပ်ဆောင်မဲ့ ရွေးကောက်ပွဲ

လာမယ့် အောက်တိုဘာလမှာ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူမှာဖြစ်ပြီး ကောက်ယူမှုရလဒ်တွေ နိုင်ငံတော်ကို ကြေညာပြီးချိန်မှာ မဲစာရင်းပြုစုကာ ‌ရွေးကောက်ပွဲ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်မံပြောကြားလာပါတယ်။

လက်ရှိမြန်မာနိုင်ငံကို ကြည့်မယ်ဆိုရင်လည်း ရှမ်းပြည်ရဲ့ ထက်ဝက်နီးနီးဟာ တရုတ်စကားပဲပြောတတ်တဲ့ ကိုးကန့်တရုတ် MNDAA တို့ စစ်ဘုရင်ဝါဒနဲ့ နယ်မြေလုအုပ်စိုးတာ၊ ရခိုင်ပြည်နယ်ဟာလည်း AA က သိမ်းလာတဲ့အပြင် အနောက်အုပ်စုရဲ့ အရှေ့တီမောလို နိုင်ငံတစ်ခုတည်ထောင်ဖို့ ကြံဆခံနေရတာ၊ အဲဒါတွေအပြင် ချင်း၊ ကချင် စတဲ့ ပြည်နယ်တွေမှာလည်း နယ်မြေလုပွဲတွေ ဆင်နွှဲလာပြီး ဖက်ဒရယ်၊ ကွန်ဖက်ဒရိတ်ဆိုတာထက်ပိုတဲ့ နိုင်ငံတစ်ခုအဖြစ် ခွဲထွက်မဲ့လမ်းကြောင်းမှာ ရှိနေတာကို အတိအလင်းမြင်လာရပါတယ်။

အခြားတစ်ဖက်မှာလည်း SAC အစိုးရဟာ Defacto အစိုးရသာဖြစ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြည့်အဝ အကောင်အထည်ဖော် သုံးစွဲရခက်တာ၊ စင်ပြိုင် NUG ရှိနေတာ၊ ပြည်တွင်းပြည်ပ နှောင့်ယှက်ဖျက်ဆီး တိုက်ခိုက်ခံနေရတဲ့အပြင် ကမ္ဘာ့နိုင်ငံတွေက ဝိုင်းဖဲ့ကျဥ် ပိတ်ဆို့ခံနေရတာ စတဲ့ အချက်တွေနဲ့ နေရာအနှံ့မှာ စစ်ပွဲဖြစ်နေတာကြောင့် အချုပ်အခြာအာဏာ ဆုံးရှုံးပြီး မြန်မာနိုင်ငံကနေ နိုင်ငံငယ်ပေါင်းများစွာ ကွဲထွက်တော့မယ်ဖြစ်စဥ်ကို မဖြစ်အောင် တားမြစ်ရာမှာ အားနည်းချက်တွေရှိနေပြီး ဒီအားနည်းချက်တွေကို ကျော်ဖြတ်နိုင်မှာက လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲက တက်လာတဲ့ ပြည်သူ့ရွေးကောက်ခံအစိုးရ တက်လာမှဖြစ်မဲ့ အခြေအနေပါ။

ရွေးကောက်ခံအစိုးရတစ်ရပ် ထွက်ပေါ်လာချိန် ဆန့်ကျင်တိုက်ခိုက်သူတွေကို ထောက်ပံ့နေတဲ့နိုင်ငံတွေကို တရားဝင်တားမြစ်တာ၊ နယ်မြေလုနေတဲ့ လက်နက်ကိုင်တွေကို လွှတ်တော်လမ်းကြောင်းကနေပဲ စကားပြောဖို့၊ ပြည်နယ်လိုချင်ရင် ဥပဒေကြောင်းကနေ ဆွေးနွေးဖို့ ပြောနိုင်တာ၊ အဆုံးစွန်ဆုံးမှာ စစ်မှုမထမ်းချင်တာကို လွှတ်တော်ကနေ ရပ်ခိုင်းတာ၊ လမ်းမှားရောက်သွားတဲ့ PDF ကလေးငယ်တွေ စာသင်ကျောင်းထဲ ပြန်ပို့တာကအစ ဆွေးနွေး လုပ်ဆောင်နိုင်တာမျိုးအထိ မြင်ရလာနိုင်မှာပါ။

ဒါပေမဲ့လည်း တစ်ဖက်မှာ NUG နဲ့ PDF တွေဟာလည်း ရွေးကောက်ပွဲဖြစ်လို့ ပြည်သူရွေးကောက်တဲ့အစိုးရပေါ်ထွက်လာတာနဲ့ အခုတောင် ဘယ်နိုင်ငံကမှ အစိုးရလို့ အသိအမှတ်ပြုခံရမှုမရှိတဲ့ အခြေအနေ ပိုဆိုးသွားပြီး အလှူခံစားလို့တောင် မရတော့တဲ့အခြေအနေကို လက်မခံနိုင်လို့ ရွေးကောက်ပွဲကို မဖြစ်အောင် ကြိုးစားမှာ ဖျက်ဖို့လုပ်မှာ၊ အခုထက်ပိုသတ်ဖြတ်မှာလည်း အသေအချာပါ။ ဒါတွေကြောင့် အစိုးရအနေနဲ့လည်း နိုင်ငံအစိပ်စိပ်အမြွှာမြွှာကွဲထွက်ပြီး နေရာအနှံ့စစ်တိုက်၊ ပြည်သူတွေငတ်ပြတ်နေတဲ့ Failed State ဖြစ်မသွားဖို့ ရွေးကောက်ပွဲကို ရတဲ့နည်းနဲ့လုပ်ပေးဖို့ကြိုးစားရမှာဖြစ်သလို မဲပေးသူ ဘေးကင်းရေးလည်း ကြံဆောင်ထားဖို့ လိုအပ်မှာပါ။ ဒါ့အပြင် လက်နက်ကိုင်တွေကြားမှာ နိုင်ငံနဲ့ပြည်သူပဲ ဖွတ်ဖွတ်ညက်ညက်ကြေနေတာက အချိန်တိုနဲ့ ရုန်းထွက်လိုသူပြည်သူတွေအနေနဲ့လည်း ရွေးကောက်ပွဲဖြစ်မြောက်ရေး အားပေးထောက်ခံဖို့လိုအပ်ပြီး ရွေးကောက်ပွဲလက်မခံဘူးဆိုရင်တောင် လက်ရှိမှာတောင် ခက်ခက်ခဲခဲရင်ဆိုင်ဖြတ်သန်းနေရတဲ့ ဒီကာလထက်ဆိုးတဲ့ အခြေအနေကို နောက်ထပ် နှစ် ၃၀ လောက် တောင့်ခံဖို့သာ ပြင်ဆင်ပါတော့လို့ သတိပေးရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *