September 20, 2024

၂၆.၈.၂၀၂၄
Translated by Htwe Ko Tun

တရုတ်နိုင်ငံလေတပ်မှ ထောက်လှမ်းရေးလေယာဉ်ဖြစ်သော Y-9 လေယာဉ်တစ်စီးသည် သြဂုတ်လ ၂၆ ရက်တွင် ဂျပန်နိုင်ငံ လေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ပျံသန်းလာခဲ့ကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

Y-9 လေယာဉ်က နာဂါစကီးမြို၏ အနောက်တောင်ဘက် အရှေ့တရုတ်ပင်လယ်အတွင်းရှိ ဒန်ဂိုကျွန်း ကမ်းခြေများသို့ ဖြတ်သန်းကာ ကျူရှုးကျွန်းအနောက်ဘက်သို့ နံနက် ၁၁ နာရီ ၂၉ မိနစ်မှ နံနက် ၁၁ နာရီ ၃၁ မိနစ်အထိ ဝင်ရောက်ပျံသန်းခဲ့ခြင်းဟု သိရသည်။ သြဂုတ်လ ၂၆ ရက်တွင် ဂျပန်လေပိုင်နက်အတွင်း တရုတ်လေယာဉ်ကျူးကျော်ဝင်ရောက်ခဲ့ခြင်းက ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောခဲ့သည်။

ဂျပန်နိုင်ငံ၏ကိုယ်ပိုင်လေကြောင်းကာကွယ်ရေးတပ်ဖွဲ့မှ F-15 နှင့် F-2 တိုက်လေယာဉ်များက အရေးပေါ် ပျံတက်ကာ တရုတ်ထောက်လှမ်းရေးလေယာဉ်ကို သတိပေးမှုများပြုလုပ်ခဲ့ကြရကြောင်း၊ ဤကဲ့သို့ ပိုင်နက်ကျူးကျော်မှုက နှစ်မိနစ်ကြာခဲ့ကြောင်း၊သို့သော် မည်သည့်လက်နက်ကိုမှ အသုံးမပြုခဲ့ရကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ပြောကြားခဲ့သည်။

ဂျပန်အစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မာဆာတာကာ အိုကာနိုက တိုကျိုမြို့ရှိ တရုတ်နိုင်ငံသံရုံး၏ သံရုံးယာယီတာဝန်ခံသံမှူးအား ဆင့်ခေါ်ကာ ထိုဖြစ်ရပ်အပေါ် ပြင်းထန်သောကန့်ကွက်မှုပြုခဲ့ကာ ထိုကဲ့သို့သော ပိုင်နက်ကျူးကျော်မှုလုပ်ရပ် ထပ်မံမပြုလုပ်ရန်ပြောခဲ့သည်။ ဂျပန်ကာကွယ်ရေးဝန် ကြီးဌာနကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ သံတမန်လမ်းကြောင်းများမှ ကန့်ကွက်မှုပြုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုအဖြစ်အပျက်အပေါ် လောလောဆယ်တွင် လူသိရှင်ကြား ပြန်လည်ဝေဖန်ပြောကြားမှု မပြုလုပ်သေးကြောင်း သိရသည်။

Ref- Nikkei Asia

Leave a Reply

Your email address will not be published. Required fields are marked *