၂၆. ၈. ၂၀၂၄
Written by Phyo Wei
ဒေါ်လာ သန်း ၁၃၀ နီးနီးထုတ်ရောင်းပေးထားတာကြောင့် စက်သုံးဆီအကျပ်အတည်းပြေလည်သွားသလို ဒေါ်လာစျေးကလည်း ကျပ် ၆၀၀၀ အောက် ပြန်လည်ရောက်ရှိခဲ့တဲ့ ဒီရက်သတ္တပတ်မှာ ပြည်တွင်းရွှေစျေးကတော့ ရွှေအသင်းရည်ညွှန်းစျေးနဲ့ ၂၇ လောက်ကွာပြီး ရွှေတစ်ကျပ်သား ၇၅ သိန်းဝန်းကျင်မှာ တင်းခံနေဆဲပါ။
အခြားတစ်ဖက်မှာလည်း PDF တွေရဲ့ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးကြောင့် ရပ်ဆိုင်းခဲ့ရတဲ့ Sembcorp သဘာ၀ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဝန်ထမ်းဘေးကင်းရင်းဦးစားပေးပြီး ပြန်လည်လည်ပတ်ဖွယ်ရှိတယ်လို့ ထုတ်ပြန်လာတာ၊ SAC အစိုးရ တတိယတစ်နှစ်တာ ကာလအတွင်း အခွန်ကောက်ခံရရှိမှု ကျပ်ဘီလျံ ၇၈၄၀ နီးပါးရှိပြီး ကာလတူနှစ်ထက် ကျပ် ၂၇ ဘီလျံကျော် ပိုမိုကောက်ခံရရှိခဲ့တယ်ဆိုတဲ့ဖြစ်စဉ်တွေ ရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ စစ်ဘေးရှောင်တွေအကြောင်းပြုပြီး အိမ်ခြံမြေစျေးတွေ ဆွဲတင်နေတယ်ဆိုတဲ့အကြောင်းအရာတွေ၊ မကြာခဏပြတ်လပ်နေတဲ့ စက်သုံးဆီတွေကို သိုလှောင်ခွင့် တိုးမြှင့်ပေးလိုက်တယ်ဆိုတဲ့အခြေအနေတွေနဲ့ တရုတ်ဘက်က နယ်စပ်ဂိတ်တွေ ပိတ်လိုက်တယ်ဆိုတဲ့အကြောင်းအရာတွေကို သုံးသပ်တင်ပြချင်ပါတယ်။
◾ စစ်ဘေးရှောင်အကြောင်းပြုပြီး ဆွဲတင်နေတဲ့ အိမ်ခြံမြေ
ကျားဖြန့်တွေ နှိမ်နင်းအပြီး အိမ်ခြံမြေစျေးကွက်ဟာ အမြင့်စျေးမှာ ရပ်တန့်သွားရာက လတ်တလောမှာတော့ ပြန်လည်စျေးကစားမှုတွေနဲ့ ဆွဲတင်လာတာကို မြင်ရပါတယ်။ ဒီတစ်ကြိမ်စျေးကစားမှုဟာ ဘာကြောင့်လဲဆိုရင်တော့ တစ်နိုင်ငံလုံးလိုလိုဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ ရှမ်းမြောက်တစ်ခွင်မှာ MNDAA က တိုက်ပွဲဆင်နွှဲသိမ်းပြီးတိုင်း ဗမာဆိုရင် အိမ်ခြံမြေ ပြန်မပေးရုံတင်မက အပြီးသိမ်းပြီး လူပါ အဝင်ပါမခံတော့တာတွေ၊ ပြင်ဦးလွင်၊ မန္တလေး၊ ဧရာ၀တီအထိပါ စစ်ရိပ်သမ်းလာပြီး ထိုးစစ်ဆင် သိမ်းပိုက်ဖို့ ကြံရွယ်လာတယ်ဆိုတဲ့ မြေပြင်စစ်ရေးသတင်းလှုပ်ခတ်မှုတွေကြောင့် လက်နက်ကိုင်တွေကြား မြေစာပင်အဖြစ်မခံနိုင်တဲ့ ကြွယ်၀သူတွေက လတ်တလောအခြေအနေမှာ ဘေးအကင်းဆုံးဖြစ်နိုင်တဲ့ ရန်ကုန်ကို ရွှေ့ပြောင်းလာတာကြောင့်ပါ။
ရန်ကုန်ကို ရွှေ့ပြောင်းလာရာမှာလည်း လတ်တလောမှာ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံ စတဲ့ လေးမြို့နယ်ဟာ စျေးကစား ဆွဲတင်မှုအများဆုံးဖြစ်နေပြီး ၂၀၂၁ အကုန်ပိုင်းလောက်အထိ သိန်း ၃၀၀၊ သိန်း ၄၀၀ ပဲရှိတဲ့ ပေ ၂၀၊ ပေ ၆၀ မြေကွက်တွေတောင်မှ သိန်း ၁၀၀၀ နဲ့ ၂၀၀၀ ကြား လေးငါးဆ ဆွဲအတင်ခံရပြီး စျေးအဆမတန်မြင့်တက်လာတာပါ။ ပြီးခဲ့တဲ့နှစ်ထဲမှာ အရှေ့ဒဂုံနဲ့ မြောက်ဒဂုံပဲ ဝယ်သူတွေက မျက်စိကျခဲ့ပေမဲ့ ၂၀၂၄ ထဲမှာတော့ လူဆိုးလူမိုက်များပြီး လူမသန့်တဲ့ တောင်ဒဂုံလို၊ ဒဂုံဆိပ်ကမ်းလို နေရာမျိုးတွေတောင် ၂၀၂၃ က တက်စျေးထက် လက်ရှိမှာ နှစ်ဆနီးနီး စျေးဆွဲတင်လာတာ မြင်ရပါတယ်။ အခြားတစ်ဖက်မှာလည်း အိမ်ငှားခတွေ အရမ်းမြင့်တက်လာတာတွေ့ရပြီး စစ်ဖြစ်ပွားမှုအပေါ် အမြတ်ထုတ် စျေးဆွဲတင်နေတာ၊ အဓမ္မအမြတ်ကြီးစားနေတာတွေလည်းမြင်ရပေမဲ့လည်း ဒီဖြစ်ရပ်တွေအပေါ်တော့ ထိန်းကျောင်း၊ ထိန်းချုပ်တာ မမြင်ရပါဘူး။
◾ သိုလှောင်ခွင့်တိုးမြှင့်ပေးတဲ့ စက်သုံးဆီ
ဓာတ်ငွေ့ရည် (LPG)၊ သဘာဝဓာတ်ငွေ့ (CNG) အပါအဝင် စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းတွေအတွက် ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်း ပြုလုပ်ဖို့လိုအပ်တဲ့ အရွယ်အစားက သိုလှောင်နိုင်မှုအနည်းဆုံး ဂါလန် ၅၆,၀၀၁ (၂၅၄,၅၈၀ ဒသမ ၅၄၆ လီတာ)ကနေ အများဆုံး ဂါလန် ၇၆,၈၀၀ (၃၄၉,၁၃၂ ဒသမ ၈ လီတာ) အထိပဲ သတ်မှတ်ရာက လက်ရှိမှာတော့ အနည်းဆုံး သိုလှောင်နိုင်မှုပမာဏကို ဂါလန် ၇၆,၈၀၁ (၃၄၉,၁၃၇ ဒသမ ၃၄၆ လီတာ)လို့ ပြင်ဆင်သတ်မှတ်ပြီး သိုလှောင်မှုပမာဏ တိုးမြှင့်လိုက်တယ်လို့ တွေ့ရပါတယ်။
“EIA တွေ ဘာတွေ လုပ်ရတယ်ဆိုတာကလည်း တကယ့်တကယ်တော့ စီးပွားရေးလုပ်ငန်းတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်တယ်။ နိုင်ငံတကာက ဘယ်လို Practice လုပ်နေပြီလဲ။ အာဆီယံက ဘယ်လို Practice လုပ်နေပြီလဲ။ အဲဒီအပေါ်တွေကို ပြန်သုံးသပ်တာပေါ့။ ဒီဟာကို သူတို့ရဲ့ တတ်နိုင်သလောက် လုပ်ငန်းရှင်တွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချတဲ့အနေနဲ့ပါတယ်။ နောက်တစ်ခါ သူတို့ဟာ သိုလှောင်တဲ့အဆင့်ပဲရှိတယ်။ အခြားအန္တရာယ်ဖြစ်စေလောက်တဲ့ဟာမျိုး သိပ်မရှိဘူးလို့ ပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့တွေက သုံးသပ်တာပေါ့။ အဲဒီဟာကြတော့ ဂါလန်များများပိုပြီးတော့ တိုးပေးလိုက်တဲ့ဟာမျိုးပါ” လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါ်ဇင်မာထွန်းက ပြောပါတယ်။
နည်းပညာခေတ်မှာ ကမ္ဘာကြီးဟာ ဆက်သွယ်သွားလာမှုမြန်ဆန်လာသလို ဒီ့အတွက် အရေးပါတဲ့ စက်သုံးဆီဖူလုံရေးကလည်း အရေးပါပြီး ကမ္ဘာ့နိုင်ငံတိုင်းက စက်သုံးဆီဖူလုံအောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်တာ တွေ့မြင်ရသလို စက်သုံးဆီစျေးအဆမတန်မြင့်တက်လို့ လူထုအုံကြွတာ၊ အထွေထွေအကျပ်အတည်းဆင့်ကဲဖြစ်လာပြီး အစိုးရပြုတ်ကျတာတွေကို တွေ့မြင်ရလေ့ရှိသလို မြန်မာနိုင်ငံမှာလည်း လေယာဉ်ဆီ အကြောင်းပြုပြီး စက်သုံးဆီပိတ်ဆို့ခိုင်းတဲ့ လှုပ်ရှားမှုတွေနဲ့ လူထုကျပ်တည်းအောင်၊ အုံကြွအောင် ကြံဆောင်နေတာ မကြာခဏတွေ့ရပါတယ်။ ဒါကြောင့် စက်သုံးဆီပြတ်လပ်လို့ တန်းစီတိုးရမှုကလည်း မကြာခဏဖြစ်ပေါ်နေတာ မြင်ရပါတယ်။ ဒီလိုမျိုး မြင်ရတဲ့ ဖြစ်စဉ်တွေအတွက် စက်သုံးဆီသိုလှောင်မှုပမာဏတိုးမြှင့်သတ်မှတ်တာက အဖြေတစ်ခုဖြစ်လာမလားဆိုတာ မသေချာပေမဲ့ တတ်နိုင်သရွေ့တော့ အဖြေဆက်ရှာရမှာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာ စက်သုံးဆီမပြတ်လပ်ရေးမဟာဗျူဟာမျိုး Energy Security Strategy ပါ ချမှတ်လုပ်ဆောင်သင့်ရင် လုပ်ဆောင်ရမှာလည်းဖြစ်လို့ အဲဒီအတွက်လည်း အဖြေရှာထားသင့်တယ် မြင်ပါတယ်။
◾ နယ်စပ်ဂိတ်တွေ ပိတ်လိုက်တဲ့တရုတ်
တရုတ် – မြန်မာနယ်စပ်ဂိတ်အားလုံးကို တရုတ်နိုင်ငံဘက်က သြဂုတ်လ ၂၅ ရက်က စတင် ပိတ်ပစ်လိုက်ပြီး ဒီဂိတ်တွေက ယာဉ်ငယ်တွေနဲ့ ကုန်တင်ယာဉ်တွေဖြတ်သန်းသွားလာမှု ပြုလုပ်ခွင့် မရရှိတော့ဘူးလို့ သတင်းထွက်လာသလို လူမှုကွန်ရက်မှာလည်း တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်တွေကို သူ့နိုင်ငံဘက်ခြမ်းမှာ ပိတ်နေတဲ့ ရုပ်သံတွေ ထွက်ပေါ်လာတာ တွေ့ရပါတယ်။
လက်ရှိ တရုတ်နယ်စပ်မှာဆိုရင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းတွေဖြစ်တဲ့ ကံပိုင်တည်၊ လွယ်ဂျယ်၊ နမ့်ခမ်း၊ မူဆယ်၊ မုန်းကိုး၊ ရန်လုံကျိုင်း၊ ချင်းရွှေဟော်၊ ကျိုင်းတုံ စခန်းတွေထဲမှာ ကံပိုင်တည်နဲ့ကျိုင်းတုံပဲ ဗဟိုအစိုးရ ထိန်းချုပ်မှုအောက်ရှိနေပြီး ကျန်နယ်စပ်စခန်းတွေက နယ်မြေလုနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ တရားဝင်ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်နေပါတယ်။
ဒီနေရာမှာ ပြန်ကြည့်မယ်ဆို အခြားသော နယ်စပ်ဂိတ်တွေဆိုရင်လည်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ဘက်တွေမှာလည်း ပိတ်နေသလို မြ၀တီဆိုရင်လည်း အာရှလမ်းမကြီးက သုံးမရဘဲ တောလမ်းက သယ်ပို့နေရတာ ကြာပြီဖြစ်ပါတယ်။
တရုတ်ဟာ နယ်စပ်ဂိတ်တွေ ပိတ်လိုက်တာက လက်နက်ကိုင်တွေအဖို့ စားနပ်ရိက္ခာနဲ့ ဆက်ကြေးလမ်းကြောင်း မှောင်ခိုလမ်းကြောင်း ပိတ်သွားမှာဖြစ်သလို တစ်ဖက်မှာတော့ နှစ်စဉ် တရားဝင် ဒေါ်လာ ၁၀ ဘီလျံဖိုးလောက် ကုန်သွယ်နေတဲ့ တရုတ်ဂိတ်တွေ ပိတ်သွားတာက ပြည်တွင်းက ပြည်သူတွေရဲ့ စားနပ်ရိက္ခာလုံခြုံမှုကို ထိခိုက်လာမှာ အသေအချာဖြစ်ပါတယ်။ အရင်က နယ်စပ်ကုန်သွယ်ရေးအဆင်ပြေချိန်က စိတ်ပူစရာမရှိတဲ့ ပြည်တွင်းစားသုံးကုန်စျေးကွက်မှာ တရုတ်၊ ထိုင်း၊ အိန္ဒိယထုတ်ကုန်တွေက ၉၀ ရာခိုင်နှုန်းလောက် နေရာယူထားပြီး မြန်မာထုတ်ကုန်တွေက စျေးကွက်မှာ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိရာက လက်ရှိမှာတော့ တရုတ်၊ ထိုင်း၊ အိန္ဒိယသွင်းကုန်တွေလည်း ဝင်မလာနိုင်တော့တာကြောင့် စျေးကလည်း အမြင့်စျေးပေးနေရသလို ပိုဆိုးတာက ငွေပေးရင်တောင် လိုချင်သလောက် ဝယ်လို့မရတော့ဘဲ အကန့်အသတ်နဲ့ ဝယ်ယူစားသုံးနေရတဲ့ စားနပ်ရိက္ခာမဖူလုံမှုအကျပ်အတည်းကို ပြည်တွင်းမှာ စတင်ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးရပ်ဆိုင်းသွားတဲ့နောက်မှာ ပင်လယ်ရေကြောင်းကုန်သွယ်ရေးနဲ့ လေကြောင်းပို့ဆောင်ရေးနှစ်ခုလောက်ပဲ အားပြုနေရတာဖြစ်ပေမဲ့ ဒီအားပြုရမှုတွေကလည်း မတွင်ကျယ်၊ ပြည်တွင်းထုတ်ကုန်တွေကလည်း လျှပ်စစ်မီးနဲ့ လောင်စာဆီအကျပ်အတည်းကြောင့် တိုးမထုတ်နိုင်ဖြစ်လာနေချိန်မှာ စားနပ်ရိက္ခာလုံခြုံရေး Food Security အတွက် တာဝန်ရှိသူတွေ ကြိုတင်ကြံဆတွေးဖို့ လိုအပ်နေပါပြီလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။