September 20, 2024

၂၆. ၈. ၂၀၂၄
Translated by Htwe Ko Tun

မလေးရှားရေတပ်မှ စစ်သင်္ဘော KD Pendekar မှာ မလေးရှားနိုင်ငံ၊ ဂျိုဟောပြည်နယ် ကမ်းခြေအလွန် စင်ကာပူနိုင်ငံအနီးတွင် ဩဂုတ်လ ၂၅ ရက်က ရေအောက်မှအရာဝတ္တုတစ်ခုခုနှင့် တိုက်မိမှုကြောင့်ဟု သံသယဖြစ်ဖွယ်ရှိသော နစ်မြုပ်မှုတစ်ရပ်နှင့်ကြုံတွေ့ခဲ့ရရာ စတင်နစ်မြုပ်သည်မှ လေးနာရီအတွင်း သင်္ဘောတစ်စင်းလုံးနီးပါးနစ်မြုပ်ခဲ့ကြောင်း သိရသည်။

အမြန်သွား တိုက်ရေယာဉ် KD Pendekar မှာ မွန်းတည့်အချိန်ခန့်တွင် စက်ခန်းမအတွင်း ရေယိုစိမ့်မှုမှစ၍ သင်္ဘောအတွင်း ဆိုးဝါးသောရေဝင်ရောက်မှုကို ကြုံခဲ့ရခြင်းဖြစ်ကြောင်း မလေးရှားရေတပ်၏ ကြေညာချက်တစ်ရပ်တွင် ဖော်ပြခဲ့သည်။

သင်္ဘော၏ရေတပ်သားများက ရေယာဉ်ကိုထိန်းချုပ်နိုင်ရန်နှင့် တည်ငြိမ်မှုရှိစေရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း သင်္ဘောမှာ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် လုံးဝနစ်မြုပ်ခဲ့ကြောင်း ကြေညာချက်ကဆိုသည်။ သင်္ဘောအားဆယ်တင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေကြောင်းလည်း မလေးရှားရေတပ်က ပြောခဲ့သည်။ သင်္ဘောမှာ Tanjung Penyusop သဲသောင်ကမ်းခြေမှအရှေ့တောင်ဘက် ရေမိုင်နှစ်မိုင်(၃ ဒသမ ၇၄ ကီလိုမီတာ) အကွာတွင် နစ်မြုပ်ခဲ့ခြင်းဟုလည်း သိရသည်။

မလေးရှားရေတပ်က သင်္ဘောပေါ်ပါ ရေတပ်ဖွဲ့ဝင် ၃၉ ဦးစလုံးကို သင်္ဘောမနစ်မြုပ်မီ ကယ်ဆယ်နိုင်ခဲ့ကြောင်းနှင့် ဒဏ်ရာရရှိမှုတစ်စုံတစ်ရာမရှိကြောင်းလည်း ပြောခဲ့သည်။ ၎င်းတို့အား Tanjung Pengelih ရှိ KD Sulrtan Ismail ရေတပ်စခန်းသို့ပို့ပေးခဲ့ကြောင်းလည်း ​သိရသည်။ သင်္ဘောနစ်မြုပ်မှုနှင့်ပတ်သက်၍ တိကျသော အကြောင်းရင်းကို ဖော်ထုတ်နိုင်ရန် စုံစမ်းရေးဘုတ်အဖွဲတစ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေသည်ဟုလည်း မလေးရှားရေတပ်က ပြောခဲ့သည်။

အမြန်သွား တိုက်ရေယာဉ် KD Pendekar က Handalan အမျိုးအစားသင်္ဘောဖြစ်ကာ ၁၉၇၉ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်တွင် တပ်တော်ဝင်ခဲ့သည်။ ထိုအမျိုးအစားသင်္ဘောလေးစီးရှိသည့်အနက် တစ်စီးဖြစ်ကာ ၄၃ ဒသမ ၆ မီတာရှည်ပြီး ၅၇ မမ ဘိုဖာအမြောက်ကို အဓိက တပ်ဆင်ထားကာ ၄၀ မမ စက်သေနတ် နှင့် Exocet သင်္ဘောဖျက်ဒုံးကျည်များလည်း တပ်ဆင်ထားသည်။

Ref- The Star

Leave a Reply

Your email address will not be published. Required fields are marked *