September 20, 2024

၂၆. ၈. ၂၀၂၄
Written by Nyein Kyaw

LPG၊ CNG အပါအဝင် စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် IEE နှင့် EIA ဆောင်ရွက်ရန် လိုအပ်သည့် အရွယ်အစားသတ်မှတ်ချက်အား ယခင်အများဆုံး ဂါလန် ၇၆,၈၀၀ အထိသာ ခွင့်ပြုရာမှ ယခုအခါ ဂါလန် ၇၆၈၀၀ ကျော်မှ စတင်သိုလှောင်နိုင်ရန် တိုးမြှင့်ပြင်ဆင်သတ်မှတ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက် ရက်စွဲပါ အမိန့်ကြောငြာစာအမှတ် (၇၂/၂၀၂၄) ဖြင့် ဩဂုတ်လ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

“EIA တွေ ဘာတွေ လုပ်ရတယ်ဆိုတာကလည်း တကယ့်တကယ်တော့ စီးပွားရေးလုပ်ငန်းတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်တယ်။ နိုင်ငံတကာက ဘယ်လို Practice လုပ်နေပြီလဲ။ အာဆီယံက ဘယ်လို Practice လုပ်နေပြီလဲ။ အဲဒီအပေါ်တွေကို ပြန်သုံးသပ်တာပေါ့။ ဒီဟာကို သူတို့ရဲ့ တတ်နိုင်သလောက် လုပ်ငန်းရှင်တွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချတဲ့အနေနဲ့ပါတယ်။ နောက်တစ်ခါ သူတို့ဟာ သိုလှောင်တဲ့အဆင့်ပဲရှိတယ်။ အခြားအန္တရာယ်ဖြစ်စေလောက်တဲ့ဟာမျိုး သိပ်မရှိဘူးလို့ ပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့တွေက သုံးသပ်တာပေါ့။ အဲဒီဟာကျတော့ ဂါလန်များများပိုပြီးတော့ တိုးပေးလိုက်တဲ့ဟာမျိုးပါ” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါ်ဇင်မာထွန်းက ပြောသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ နောက်ဆက်တွဲ(က)ပါ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအမျိုးအစား အမှတ်စဉ် ၂၄ (ဓာတ်ငွေ့ရည် (LPG)၊ သဘာဝဓာတ်ငွေ့ (CNG) အပါအဝင် စက်သုံးဆီအရောင်းဆိုင်လုပ်ငန်း) ၏ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (Initial Environmental Examination-IEE) သို့မဟုတ် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (Environmental Impact Assessment – EIA) ဆောင်ရွက်ရန်လိုအပ်သည့် စီမံကိန်းအမျိုးအစားနှင့် အရွယ်အစားသတ်မှတ်ချက်တို့ ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ဓာတ်ငွေ့ရည် (LPG)၊ သဘာဝဓာတ်ငွေ့ (CNG) အပါအဝင် စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းများအတွက် ကနဦးပတ်ဝန်း ကျင် ဆန်းစစ်ခြင်း ပြုလုပ်ရန်လိုအပ်သည့် အရွယ်အစားမှာ သိုလှောင်နိုင်မှုအနည်းဆုံး ဂါလန် ၅၆,၀၀၁ (၂၅၄,၅၈၀ ဒသမ ၅၄၆ လီတာ)မှ ယခုပြင်ဆင်သတ်မှတ်မှုအရ အများဆုံး ဂါလန် ၇၆,၈၀၀ (၃၄၉,၁၃၂ ဒသမ ၈ လီတာ) အထိမှ အနည်းဆုံး သိုလှောင်နိုင်မှု ဂါလန် ၇၆,၈၀၁ (၃၄၉,၁၃၇ ဒသမ ၃၄၆ လီတာ)နှင့် အထက်အထိ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

သီလဝါဆိပ်ကမ်းရှိ Terminal တွင် အခြေအနေအမျိုးမျိုးကြောင့် စက်သုံးဆီထုတ်ယူရန် အခက်အခဲများ ဖြစ်ပေါ်လာသည့်အချိန်တိုင်း ပြည်တွင်းရှိ စက်သုံးဆီဆိုင်များတွင် ဆီများပြတ်လပ်မှုဖြစ်ပေါ်ကာ တန်းစီဝယ်ယူရမှုများ အကြိမ်ကြိမ်ဖြစ်ပေါ်မှုများကို ရင်ဆိုင်ခဲ့ရသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းတွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့၍ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် စက်သုံးဆီများ ထုတ်ယူရန် အခက်အခဲဖြစ်ပေါ်ခဲ့ပြီး ဆီဆိုင်များတွင် တန်းစီဝယ်ယူမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် ယခုဩဂုတ်လ ဒုတိယအပတ်တွင်းမှာလည်း တန်းစီဝယ်ယူရမှုများ ထပ်မံဖြစ်ပေါ်ကာ ယခင်က တန်းစီဝယ်ယူရမှုမရှိသည့် ဆီဆိုင်ငယ်များ၌ပါ အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူခဲ့ရခြင်းများ ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *