September 20, 2024

၂၆. ၈. ၂၀၂၄
Translated by Htwe Ko Tun

Apple ကုမ္ပဏီက သူ့ရဲ့နာမည်ကျော် iPhone အတွဲရောင်းချမှုတွေအထဲက နောက်ဆုံးထုတ်လုပ်မှုဖြစ်တဲ့ iPhone 16 ကို လာမယ့် စက်တင်ဘာလ ၁၀ ရက်မှာ စတင်မိတ်ဆက်သွားမှာဖြစ်ပြီး နောက်ဆုံးထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ လက်ပတ်နာရီတွေ၊ ကြိုးမဲ့ Airpod နားကြပ်အသစ်တွေနဲ့အတူ စက်တင်ဘာ ၂၀ ရက်မှာ စတင်ရောင်းချသွားမယ်လို့ သတင်းအရင်းအမြစ်နဲ့ နီးစပ်သူတွေက ပြောခဲ့ကြပါတယ်။

အတူတူရောင်းချမယ့် လက်ပတ်နာရီဖြစ်တဲ့ Apple Watch Series 10 ကတော့ ပိုမိုပါးလွှာပြီး ကြီးမားတဲ့မျက်နှာပြင်လည်းရှိမှာပါ။ Apple က ကြိုးမဲ့ Airpod နားကြပ်တွေကို ဈေးသက်သာတဲ့ အလယ်အလတ် ပုံစံတွေဖြစ်အောင် ပြုပြင်မွမ်းမံထားတယ်လို့ သိရပါတယ်။ ပထမဆုံးအနေနဲ့ Apple က သူ့ရဲ့ အလယ်အလတ်အဆင့် Airpod မှာ ဆူညံသံပယ်ဖျက်တဲ့ကိရိယာ ထည့်သွင်းထားမယ်လို့ ဆိုပါတယ်။

Apple ကုမ္ပဏီကတော့ iPhone 16 ရောင်းချမယ့်ရက်ကို တရားဝင် ထုတ်ပြန်ကြေညာမှုမလုပ်သေးပါဘူး။ အင်္ဂါနေ့မှာကျရောက်မယ့် သူ့ရဲ့ iPhone 16 စတင်မိတ်ဆက်မယ့်နေ့ စက်တင်ဘာလ ၁၀ ရက်အတွက် ကြိုတင်ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီကလည်း ရောင်းချမယ့်ရက်အတိအကျကို ခွဲခြားပြောကြားမှုမရှိသေးပါဘူး။ Apple ကုမ္ပဏီရဲ့ ကိုယ်စား လှယ်တစ်ဦးဖြစ်တဲ့ ကူပါတီနိုကလည်း ရောင်းချမယ့်ရက်ကို တစ်စုံတစ်ရာဝေဖန်ပြောကြားမှုမရှိခဲ့ပါဘူး။

Apple အနေနဲ့ ပြီးခဲ့တဲ့ သုံးလပိုင်းကာလတွေမှာ သူ့ရဲ့ စမတ်ဖုန်းတွေနဲ့ တခြားထုတ်လုပ်မှုတွေကို ရောင်းချရာမှာ နှေးကွေးလွန်းတဲ့အတွက် ထိခိုက်မှုတွေရှိခဲ့ပါတယ်။ ဒါကြောင့် iPhone 16 ရောင်းချမှုက Apple အတွက် အရေးကြီးတယ်ဆိုရမှာပါ။

စက်တင်ဘာလ ၂၀ ရက်မှာ iPhone 16 ကို စတင်ရောင်းချခဲ့မယ်ဆိုရင် Apple ကုမ္ပဏီအနေနဲ့ လက်ရှိသုံးလပတ်အတွင်းသူ့ရဲ့ အိုင်ဖုန်းတွေကို စံချိန်တင်ရောင်းနိုင်ခဲ့မှုကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ဆောင်ရွက်ရာရောက်မှာဖြစ်ပြီး ၂၀၂၄ ရဲ့ နောက်ဆုံးသုံးလပတ်မှာ ၂၀၂၃ ခုနှစ်ကထက် အရောင်းဝင်ငွေ ၅ ရာခိုင်နှုန်းမြင့်လာဖို့ ကုမ္ပဏီရဲ့ မျှော်မှန်းချက်ကိုရောက်စေမှာပါ။

၂၀၂၄ ရဲ့ နောက်ဆုံးသုံးလပတ်က အားလပ်ရက်ရာသီနဲ့လည်းတိုက်ဆိုင်ကာ အလုံးအရင်းနဲ့ရောင်းရနိုင်ခြေရှိလို့ ဒီကာလအတွင်း Apple ရဲ့ အရောင်းရဝင်ငွေ ၇ ရာခိုင်နှုန်းအထိရှိလာကာ အမေရိကန်ဒေါ်လာ ၁၂၈ ဒသမ ၄ သန်းအထိ ရှိလာနိုင်တယ်လို့ လေ့လာအကဲဖြတ်သူတွေကဆိုကြပါတယ်။

iPhone 16 က သူ့ရဲ့ Pro မော်ဒယ်ဖုန်းတွေထက် ပိုမိုကြီးမားတဲ့ ဖုန်းမျက်နှာပြင်မှန်သားရှိမှာဖြစ်ပြီး iPhone 16 ဖုန်းမျိုးကွဲတွေက မျက်နှာပြင် အနည်းဆုံး ၆ ဒသမ ၃ လက်မ ကနေ ၆ ဒသမ ၉ လက်မအထိ ရှိကြမှာပါ။

ကင်မရာအရလည်း လျှပ်တပြက်ဓါတ်ပုံမျိုးတွေရိုက်ကူးနိုင်ဖို့ ခလုတ်ပါဝင်မှာဖြစ်လို့ အရင်အိုင်ဖုန်းတွေထက် ဆန်းသစ်မယ်လို့ဆိုပါတယ်။ ဒါ့ပြင် iPhone 16 မှာ Apple Intelligence လို့အမည်ပေးထားတဲ့ ဉာဏ်ရည်တုနည်းပညာကိုလည်း Apple က ထည့်သွင်းထုတ်လုပ်မှာပါ။ ဒါပေမယ့်လည်း ယေဘုယျ အားဖြင့်ခြုံငုံကြည့်ပြန်တော့ Apple ရဲ့ အရင်နှစ်တွေက အိုင်ဖုန်းတွေနဲ့ နှိုင်းယှဉ်ရင် ကြီးမားတဲ့ ကွာခြားမှုတွေတော့ ရှိလိမ့်မှာမဟုတ်ပါဘူးလို့ သုံးသပ်ကြပါတယ်။

Ref- SCMP

Leave a Reply

Your email address will not be published. Required fields are marked *