September 20, 2024

၂၆. ၈. ၂၀၂၄
Written by Nay Moe

ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက််မှာ ဒီပဲယင်းမြို့ကို သိမ်းနိုင်ခဲ့ပြီလို့ NUG လက်အောက်ခံ အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ခဲ့ပေမဲ့ နေ့ချင်းပြန်တိုက် အထုတ်ခံခဲ့ရသလို လက်ရှိမှာလည်း အမှတ် (၁) စစ်ဒေသကပဲ သပိတ်ကျင်းမြို့ကို မနေ့က ဩဂုတ် ၂၅ ရက်မှာသိမ်းနိုင်ခဲ့ပြီလို့ ဒီနေ့မနက်မှာ ထုတ်ပြန်လာပြန်ပါတယ်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့က သနတ-၁၊ စခတ-၂၊ တတက-၁၃၊ ရဲ၊ ပြည်သူ့စစ် ပူးပေါင်းအင်အား (၁၃၀) ခန့်ကို NUG ရဲ့ ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးရုံး ကွပ်ကဲမှုနဲ့ ပြင်ဦးလွင်ခရိုင် တပ်ရင်း (၁၊ ၂)၊ အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၅၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89 တပ်ဖွဲ့၊ ကန့်ဘလူခရိုင် ပကဖ AA Gun တပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က ဩဂုတ်လ (၂၅) ရက် နံနက်ပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သပိတ်ကျင်းမြို့ကို PDF တပ်ပေါင်းစုက သာလွန်အင်အားနဲ့ ဩဂုတ်လ (၁၇) ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဩဂုတ်လ (၁၉) ရက်နေ့မှာ မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ပေမဲ့လည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မြို့ဦးတောင်စေတီကို ဆုတ်ခွာသွားလို့ ဆက်လက်တိုက်ခိုက်ခဲ့ကြတယ်ဆို့ပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် ဂျက်တိုက်လေယာဉ်နဲ့ ဗုံးသီးအလုံး (၇၀) ကျော် ကြဲချတိုက်ခိုက်ပြီး Y-12 နဲ့ ဗုံးသီး (၁၅၀) ကျော်၊ Mi-35 (၂) စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမဲ့ PDF ပူးပေါင်းအဖွဲ့ဘက်က လေးဦးပဲသေတယ်လို့ပြောသလို လုံခြုံရေးတပ်ဖွဲ့ဝင်ဘက်က ဒု-ဗိုလ်မှူးကြီး စိုးမင်းသူကို ဖမ်းဆီးရမိကြောင်း၊ လက်နက်မျိုးစုံ (၆၈) လက်၊ ကျည်မျိုးစုံ (၁၈၆၆၉) တောင့်၊ ဗုံးသီးမျိုးစုံ (၄၂) လုံး၊ RPG ဒုံးသီး (၃၆) လုံး၊ Jammer (၃) လုံး၊ ဆက်သွယ်ရေးစက် (၁) ခုနဲ့ အခြားလူသုံးကုန် စက်ပစ္စည်းအချို့ သိမ်းဆည်းရမိတယ်လို့လည်း ပြောပါတယ်။

ရှေ့မှာလည်း PDF တွေ သိမ်းလိုက်ပြီလို့ NUG ထုတ်ပြန်တဲ့ ကောလင်း၊ စဉ့်ကူး၊ ဒီပဲယင်းမြို့တွေဟာ ရက်ပိုင်းလပိုင်းနာရီပိုင်းနဲ့ ပြန်တိုက်ထုတ်ခံရတဲ့ဖြစ်စဥ်တွေရှိခဲ့ပြီး မြို့သိမ်းနိုင်ပြီလို့ အမှန်တကယ်မသိမ်းနိုင်ခင် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ခဲ့တဲ့ဖြစ်စဥ်တွေရှိခဲ့တာကြောင့် သပိတ်ကျင်းမြို့ အမှန်တကယ်သိမ်းခံရခြင်းရှိ မရှိ၊ ဒီသိမ်းပိုက်မှုဖြစ်စဥ်မှန် မမှန် MT News က တာဝန်ရှိသူတွေထံ ဆက်လက်အတည်ပြုနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *