October 30, 2024

၂၅. ၈. ၂၀၂၄
Written by Nyein Kyaw

လုံခြုံရေးနှင့်ပတ်သက်၍ ဒေသအလိုက် လူတစ်ဦးတစ်ယောက်ချင်းစီမှ လုံခြုံရေးအသိစိတ်ဓာတ်ဖြင့် ရပ်ကွက်၊ ကျေးရွာနှင့် လမ်းများအလိုက် လုံခြုံရေးစနစ်များ တည်ဆောက်၍ ဆောင်ရွက်မည်ဆိုပါက နယ်မြေဒေသလုံခြုံရေးအတွက် များစွာအကျိုးရှိ ထိရောက်စေမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လုံခြုံရေးနှင့်ပတ်သက်၍ ဒေသအလိုက် လူတစ်ဦးတစ်ယောက်ချင်းစီမှ လုံခြုံရေးအသိစိတ်ဓာတ်ရှိရှိဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်သူ့လုံခြုံရေး People Security ၊ Public Security နှင့်ပတ်သက်၍ လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နေထိုင်သည့်ဒေသရပ်ကွက်၊ ကျေးရွာများအလိုက်၊ လမ်းများအလိုက် လုံခြုံရေးစနစ်များ တည်ဆောက်၍ ဆောင်ရွက်မည်ဆိုပါက နယ်မြေဒေသလုံခြုံရေးအတွက်များစွာ အကျိုးရှိထိရောက်စေမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ပြည်သူ့လုံခြုံရေးလုပ်ငန်းများနှင့်ပတ်သက်၍ Check, Recheck, Counter Check များပြုလုပ်၍ အပြန်အလှန် စစ်ဆေးနေရန် လိုအပ်မည်ဖြစ်ကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာများ နည်းလမ်းမျိုးစုံဖြင့် ထိခိုက်ခြင်းကြောင့် ဒေသအလိုက်ထိခိုက်မှုများကို ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်လိုပြီး လုံခြုံရေးအမြင်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

လုံခြုံရေးထိခိုက်မှုဖြစ်စဉ်များသည် နိုင်ငံရေးကိုအခြေခံ၍ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး မဲမသမာမှုကြောင့် အရေးပေါ်အခြေအနေ ဖြစ်ပေါ် ခြင်းကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းခြင်း မပြုလုပ်ဘဲ လက်နက်ကိုင်အကြမ်းဖက်သည့် နည်းလမ်းဖြင့်ဖြေရှင်းရန် လုပ်ဆောင်လာခြင်းများကြောင့်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးများ၊ ရဲချုပ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သည့် ပြည်သူလုံခြုံ‌ရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့အား ဩဂုတ်လ ၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၅၁/၂၀၂၄)ဖြင့် ဖွဲ့စည်းထားကြောင်း သတင်းများထွက်ပေါ်ထားသည်။

အဆိုပါအဖွဲ့အစည်းအနေဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အဆင့် ကြီးကြပ်ကွပ်ကဲမှုအဖွဲ့များ အဆင့်ဆင့်ဖွဲ့စည်း၍ ကြီးကြပ်ကွပ်ကဲခြင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့် ပြည်သူလုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လက်နက်တပ်ဆင်ခြင်းကို ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *