၂၅.၈.၂၀၂၄
Written by TZ
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၇ လမ်း၊ ၁၃၉ လမ်းတွင် အမျိုးသားတစ်ဦး ခြံစည်းရိုးအုတ်တံတိုင်းကို လက်ကိုင်မြေတူးစက်ဖြင့်တူးစဥ် ဝါယာကြိုးရှော့ခ်ဖြစ်၍ ဓာတ်လိုက်ကာ သေဆုံးသွားကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်မှာ ယနေ့ သြဂုတ်လ ၂၅ ရက် ညနေ ၆ နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးဓာတ်လိုက်၍ သေဆုံးကြောင်း ပြည်သူတစ်ဦးမှ လောကပါလ လူမှုကူညီရေးအသင်းထံသို့ ဖုန်းဆက် အကူအညီတောင်းခံလာသောကြောင့် ဖြစ်စဥ်နေရာသို့ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
“ရဲတွေလည်း ရောက်လာတယ်။ ခြံစည်းရိုးအုတ်တံတိုင်းတူးတာ မြေတူးစက်နဲ့။ အဲ့ဒီမှာဝါယာရှော့ခ်ဖြစ်ပြီး ဓာတ်လိုက်တာဖြစ်မယ်” ဟု လောကပါလ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။
ဓာတ်လိုက်၍ သေဆုံးသည့် အမျိုးသားမှာ အသက် ၂၅ နှစ်ခန့်ရှိပြီး မျက်နှာနှင့်လက်မောင်းတို့တွင် ဒဏ်ရာများလည်းရရှိထားကြောင်း၊ ရုပ်အလောင်းကို မန္တလေးဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
ဓာတ်ပုံ – လောကပါလ လူမှုကူညီရေးအသင်း