September 20, 2024

◾️ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများကို NLD က ဦးဆောင်လုပ်ဆောင်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့များနှင့် ဝန်ကြီးချုပ်တချို့ ပါဝင်ခဲ့ဟုပါ ပြောကြား

၂၅. ၈. ၂၀၂၄
Written by Nyein Kyaw

လာမည့် အောက်တိုဘာလတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ စတင်ကောက်ယူမည်ဖြစ်ပြီး ကောက်ယူမှုရလဒ်များ နိုင်ငံတော်ကို ကြေညာပြီးချိန်တွင် မဲစာရင်းပြုစုပြီး ‌ရွေးကောက်ပွဲ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် လာမည့်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာလတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို စတင်ကောက်ယူသွားမည်ဖြစ်ကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုရလဒ်များ နိုင်ငံတော်ကို ကြေညာပြီးချိန်တွင် မဲစာရင်းပြုစုပြီး ရွေးကောက်ပွဲကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲစာရင်းများမှားယွင်းမှုမရှိစေရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ဆန္ဒမဲပေးချိန်တွင်လည်း မှန်မှန်ကန်ကန်ဖြစ်စေရေး ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြစေလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ မဲမသမာမှုများသည် မဲဆန္ဒနယ်တစ်ခုတည်းတွင် ဖြစ်ပေါ်ခဲ့ခြင်းမဟုတ်ဘဲ ဒေသအလိုက် တစ်နိုင်ငံလုံးတွင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့များပါဝင်ပြီး အချို့ဝန်ကြီးချုပ်များပါ ပါဝင်ကြောင်း၊ ထိုသို့ မဲမသမာမှု ပြုလုပ်နိုင်ရန်အတွက် မဲစာရင်းပြုစုရေးအဖွဲ့ ဖွဲ့ခြင်း၊ အထောက်အကူပြုအဖွဲ့ ဖွဲ့ခြင်းတို့တွင် NLD ပါတီဝင်များက ပါဝင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ကြောင့် မဲမသမာမှုများကို NLD ပါတီက ဦးဆောင်၍ လုပ်ဆောင်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ မဲမသမာမှုပြုလုပ်ရာတွင် ကြိုတင်မဲပေးရာ၌ မသမာမှုပြုလုပ်ခြင်း၊ မဲစာရင်းများတွင် မသမာမှုပြုလုပ်ခြင်း စသည့် နည်းလမ်းများဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် ဆိုးရွားသည့် လုပ်ဆောင်ချက်ပင်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာ လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရန်လိုကြောင်း၊ အခြားနိုင်ငံများတွင်လည်း နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကိုသာ ကျင့်သုံးဆောင်ရွက်နေကြကြောင်း၊ နိုင်ငံရေးအရဆောင်ရွက်ရာတွင် အာဃာတများထားခြင်း၊ လက်တုန့်ပြန်ခြင်းများမရှိဘဲ အေးအေးချမ်းချမ်းဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *