၂၅.၈.၂၀၂၄
Written by TZ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ လေးမိုင်သပြေလှရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦး မျှစ်ပြုတ်ရာမှ မီးဖိုချောင်ကျိုးကျ၍ ခန္ဓာကိုယ်ပေါ်သို့ မျှစ်ပြုတ်ရေပူများ လောင်းကျမိသဖြင့် ဒဏ်ရာအပြင်းအထန်ရရှိကြောင်း သိရသည်။
မျှစ်ပြုတ်ရေများခန္ဓာကိုယ်ပေါ်သို့ ကျပြီး အပူလောင်မှုမှာ ၇ ရက်ခန့်ရှိနေပြီဖြစ်သော်လည်း ဆေးဖိုးမတတ်နိုင်သောကြောင့် မကုသနိုင်သဖြင့် ခန္ဓကိုယ်မှာ အပူလောင်ဒဏ်ရာများ တဖြည်းဖြည်း ဆိုးရွားလာသောကြောင့် Save The Tress Rescue Team သို့ သြဂုတ်လ ၂၅ ရက်နေ့တွင် ဖုန်းဆက်အကူအညီတောင်းလာ၍ လူနာကို တောင်ငူဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
“မျှစ်ပြုတ်နေရင်း မီးဖိုချောင်ကျိုးကျတာ။ အဲ့ဒီမှာ သူ့ကိုမျှစ်ပြုတ်ရေက လောင်းချသလိုဖြစ်သွားတာ။ သူတို့က တစ်နေ့လုပ်တစ်နေ့စားတွေ။ မပြေလည်ကြဘူး။ ပိုက်ဆံမရှိလို့ ဆေးတောင်မကုနိုင်ဘူး။ အသင်းကို အကူအညီတောင်းလို့ အသင်းကနေလိုက်ပို့တာ” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ Save The Tress Rescue Team မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။
မျှစ်ပြုတ်ရေပူများလောင်သည့် အမျိုးသားမှာ ဆင်းရဲနွမ်းပါးသူတစ်ဦးဖြစ်ပြီး မိဘပြည်သူများအနေဖြင့် ကူညီလှူဒါန်းလိုပါက မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဖုန်း ၀၉-၂၅၆၆၆၆၅၇၅ နှင့် ၀၉-၇၉၀၁၆၂၀၉၃ အား ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အဆိုပါအသင်းမှ လူနာအား လှူဒါန်းပေးမည်ဖြစ်ကြောင်း သိရသည်။
Photo – Kyaw Thu Ya