September 20, 2024

တရားမဝင်ကုန်စည်စီးဆင်းမှု ရပ်တန့်သွားနိုင်၍ ကောင်းသည့်လက္ခဏာဖြစ်ဟု ဆို

၂၅.၈.၂၀၂၄
Written By Zun

တရုတ် – မြန်မာနယ်စပ်ဂိတ်အားလုံးကို တရုတ်နိုင်ငံဘက်က ယနေ့ သြဂုတ်လ ၂၅ ရက်မှစတင်၍ ပိတ်ပစ်လိုက်ပြီး အဆိုပါဂိတ်များမှ ယာဉ်ငယ်များနှင့်ကုန်တင်ယာဉ်များဖြတ်သန်းသွားလာမှု ပြုလုပ်ခွင့် မရရှိတော့ကြောင်း သိရသည်။

ယင်းသို့ တရုတ်နိုင်ငံဘက်က ပိတ်လိုက်သည့်အတွက် တရားမဝင် ကုန်စည်စီးဆင်းမှု(မှောင်ခို)များ ရပ်တန့်သွားမည်ဖြစ်၍ကောင်းသည့် လက္ခဏာဆောင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဆင့်မြင့်အရာရှိကြီး တစ်ဦးက MT News ကို ယနေ့ သြဂုတ်လ ၂၅ ရက်တွင် ပြောသည်။

လက်ရှိတရုတ်နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် ကံပိုင်တည်၊ လွယ်ဂျယ်၊ နမ့်ခမ်း၊ မူဆယ်၊ မုန်းကိုး၊ ရန်လုံကျိုင်း၊ ချင်းရွှေဟော်၊ ကျိုင်းတုံ စခန်းများအနက် ကန်ပိုင်တည်နှင့်ကျိုင်းတုံသာ ဗဟိုအစိုးရထိန်းချုပ်မှုအောက်ရှိနေပြီး ကျန်နယ်စပ်စခန်းများမှာ နယ်မြေလုနေသည့်တိုင်းရင်းသားလက်နက်ကိုင်များ၏ ထိန်းချုပ်မှုအောက်တွင် တရားဝင်ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်နေသည်။

“ကျွန်တော်တို့ဆီကတော့ ဘာမှမရှိဘူးလေ။ တရုတ်ဆိုရင် ကံပိုင်တည်တစ်ပေါက်ပဲရှိမယ်။ ကျန်တာက ဘာမှမပိတ်ဘူးလေ။ သူ့ဟာနဲ့သူသွားနေကြပါတယ်။ နဂိုကတည်းက ကံပိုင်တည်တစ်ပေါက်ပဲ ပိတ်ထားတာပါ။ ကျင်စန်းကျော့တို့ ချင်းရွှေဟော်တို့က တရားမဝင်လက်နက်ကိုင်တွေ ဝင်နေတာကိုး။ ကျွန်တော်တို့ဘက်က ဝန်ထမ်းတွေလည်း မရှိပါဘူး။တရားဝင်ကုန်သွယ်မှုလည်း ဘာမှမရှိပါဘူး။ တရုတ်က ပိတ်တယ်လို့ အခုကြားရတဲ့ဂိတ်က အဲဒါက တရားမဝင်ဂိတ်တွေပါ။ တရားမဝင်ဂိတ်တွေဆိုတာက လွယ်ဂျယ်က ပိတ်ထားပြီးသား။ တရုတ်ဘက်က ပိတ်လိုက်တာပေါ့။ မြန်မာဘက်ကခိုးပြီး တရုတ်ဘက်ကို ခိုးဝင်နေလို့နေမှာပေါ့။ ဥပမာ – နွားမှောင်ခိုတို့ ကျောက်စိမ်းတို့ပေါ့။ နောက်ပြီးတော့ ကျင်စန်းကျော့တို့ ဘာတို့ ပိတ်ထားတယ်ဆိုပေမဲ့ တရုတ်ဘက်ကဖွင့်ထားတယ်။ ဒါပေမဲ့ အဲ့ဒီနေရာက ရန်သူတွေရှိတဲ့အတွက်ကျွန်တော်တို့က မဖွင့်ဘူး။ ပိတ်ထားတယ်။ ပိတ်ထားတာဆိုလို့ ကံပိုင်တည်တစ်ပေါက်ပဲရှိပါတယ်။ လွယ်ဂျယ်ပိတ်တယ်။ မူဆယ်ပိတ်တယ်။ မိုင်းလားဘက်ကလည်း တရုတ်ပဲဆိုတော့ သူတို့ပဲပိတ်တာပေါ့။ ကျွန်တော်တို့ဘက်ကတော့ တာချီလိတ်၊ ဝမ်ပုံပဲဖွင့်ပါတယ်။ ကျင်စန်းကျော့ ကျွန်တော်တို့ဘက်က ဘာမှ တရားဝင် မဖွင့်ထားဘူး။ ကျင်စန်းကျော့ပိတ်တယ်၊ လွယ်ဂျယ်ပိတ်တယ်။ ဝန်ထမ်းတွေကို ထားလို့မရဘူး။ တိုက်ပွဲဖြစ်လို့။ သူတို့ပြောတာက ကြေညာတာက တရားမဝင်တဲ့အပေါက်ကိုပိတ်လိုက်တယ်လို့ ယူဆလို့ရတာပေါ့။ တရုတ်ဘက်က အဲ့ဒါကိုလက်မခံဘူးဆိုပြီး ပိတ်ပစ်လိုက်ရင် အဲ့ဒါဆိုပိုကောင်းတာပေါ့။ နောက်မို့ဆိုရင် ပြည်တွင်းက ပို့ကုန်တွေ ခိုးသွားတာကို အဲ့ဒီကနေ ခိုးထွက်နေတာ။ တရားဝင်အပေါက်တွေကနေ မထွက်ဘဲနဲ့ အဲ့ဒီကနေ ခိုးထွက်နေကြတာကိုး။ ကျိုင်းတုံလည်း ဖွင့်ထားပါတယ်။ အတွင်းမှာပါပဲ။ အရင်တုန်းက တရုတ်ဘက်က နားလည်မှုနဲ့ ယူတာပါ။ ပိုကောင်းသွားတဲ့သဘောပါ။ ပဲတို့ ဘာတို့ နှမ်းတို့ အဲ့ဒီကနေ ခိုးသွားတာကိုး။တရားဝင်မဟုတ်ဘဲ အဲ့အပေါက်တွေကနေပေါ့လေ”ဟု အဆိုပါ အရာရှိကြီးက ရှင်းပြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများရ ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဇူလိုင်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်(၄ ဒသမ ၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁ ဒသမ ၀၀၀) ဒေါ်လာသန်းဖြစ်ကြောင်း သိရသည်။

ယခုအခါ ပို့ကုန် ကန်ဒေါ်လာ ၁ သန်းကျော်နှင့် သွင်းကုန်(၁ ဒသမ ၈၀၄) ဒေါ်လာသန်း ရှိပြီ ဖြစ်သောကြောင့် ကုန်သွယ်မှုလျာထားချက်၏ ၄၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီး ဖြစ်ကြောင်းလည်း သိရသည်။

ပုံစာ။ နယ်စပ်ကုန်သွယ်ရေးစခန်းများကို ထိန်းချုပ်ထားမှုဆိုင်ရာ ISP သုတေသန။

Leave a Reply

Your email address will not be published. Required fields are marked *