September 20, 2024

၂၅. ၈.၂၀၂၄
Translated by Thettant

ထိုင်းနိုင်ငံ နခွန်ရတ်ချာစီးမား​ပြည်နယ် ပါခ်ချောင်ခရိုင်၊ ချနတ်ခရိုင်ခွဲမှာ ထိုင်းနဲ့ တရုတ်နိုင်ငံကို ဆက်သွယ်ဖို့ ဖောက်လုပ်နေတဲ့ ခလွန်ခနန်ချစ် အမြန်ရထားဘူတာရုံ ဥမင်လိုဏ်ခေါင်းပြိုကျမှု ဒီမနက်မှာဖြစ်ပွားခဲ့တာကြောင့် မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် လူသုံးဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ခလွန်ခနန်ချစ် အမြန်ရထား ဥမင်လိုဏ်ခေါင်းဟာ ထိုင်းနဲ့ တရုတ်နိုင်ငံကို ဆက်သွယ်မယ့် မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပြိုကျမှုဟာ ဩဂုတ် ၂၅ ရက်ကူးစ ဒီနေ့မနက် ၁ နာရီခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်သလို ဥမင်အဝင်ပေါက်ကနေ ၃ ကီလိုမီတာနဲ့ ၄ ကီလိုမီတာကြားမှာ ပြိုကျခဲ့တာပါ။

မြေပြိုမှုနဲ့ပတ်သက်ပြီး နခွန်ရက်ချာစီးမားပြည်နယ် အကြီးအကဲ Chaiwat Chuenkosum က ကယ်ဆယ်ရေးလုပ်ငန်းတွေ ချက်ချင်းလုပ်ဆောင်ဖို့ အမိန့်ပေးခဲ့သလို ခရိုင်အတွင်းက ပြိုကျမှုနဲ့စပ်လျဥ်းတဲ့နေရာတွေ စစ်ဆေးဖို့ပါ တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပါတယ်။

မျက်မြင်သက်သေတွေရဲ့ အဆိုအရ တောင်စောင်းလမ်းကိုဖောက်လုပ်ချိန်မှာ မြေပြိုကျမှုဖြစ်ပွားခဲ့တာဖြစ်ပြီး လု​ပ်ငန်းခွင်အတွင်းက ကြီးကြပ်ရေးမှူးရဲ့ကားအပါအဝင် မြေတူးစက်၊ ထရက်ကားတွေ ပိတ်မိကုန်တာဖြစ်ပြီး ဒီ ဥမင် လိုဏ်ခေါင်းပြိုကျမှုကြောင့် ပျောက်ဆုံးနေသူ သုံးဦးကတော့ တရုတ်နိုင်ငံသားတွေဖြစ်တဲ့ ကြီးကြပ်ရေးမှုး Hu Xiang၊ မြေတူးစက်မောင်းနှင်သူ Tong Xin Lin နဲ့ အမည်မသိ မြန်မာနိုင်ငံသား ထရပ်ကားယာဉ်မောင်းတို့ဖြစ်တယ်လို့ ကနဦးသိရပါတယ်။

ပြိုကျတဲ့ ထိုင်း-တရုတ် မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းဟာ ၂၀၁၇ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ပထမအဆင့်မှာ ၂၀၂၆ ခုနှစ်မှာ ဘန်ကောက်မြို့ကနေ နခွန်ရက်ချာစီးမားပြည်နယ်ကို ဆက်သွယ်ဖို့ ရည်မှန်းထားပါတယ်။ အဆိုပါစီမံကိန်းဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးမြှင့်တင်ဖို့နဲ့ မဲခေါင်ဒေသတွင်းနိုင်ငံတွေကြား ကုန်သွယ်မှု ချိတ်ဆက်မှုအားကောင်းစေဖို့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်လာမှာဖြစ်သလို တရုတ်ပိုးလမ်းမစီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်လာမှာဖြစ်ပြီး တရုတ်နဲ့ထိုင်း အင်ဂျင်နီယာတွေ ပူးပေါင်းဆောက်လုပ်နေတာဖြစ်ပါတယ်။

Ref Thaiger & Asean Now

Leave a Reply

Your email address will not be published. Required fields are marked *