၂၅.၈.၂၀၂၄
Written by TZ
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ ဝေဇယန္တာလမ်းမကြီးတွင် မီးပွိုင့်မိ၍ ယာဥ် ၂ စီးရပ်တန့်ထားစဥ် ထိုယာဥ်များ၏အနောက်မှ ယာဥ် ၁ စီးမှာ အရှိန်လွန်၍ ဝင်တိုက်မှုဖြစ်ပွားရာ အမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါယာဥ်တိုက်မှုဖြစ်စဥ်မှာ သြဂုတ်လ ၂၅ ရက်ကူးစ ည ၁၂ နာရီ ၅ မိနစ်အချိန်တွင် ဖြစ်ပွားခဲ့ပြီး ယာဥ် ၃ စီးတိုက်မိကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဥ်နေရာသို့ Medical လူငယ်များလူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
“ပွိုင့်မိနေတဲ့ကားတွေကို ဟွန်ဒိုင်းကားက တိုက်မိတာ။ ပထမကားက ဖင်ပိုင်းပဲထိတာ။ ဒုတိယကားက ပရိုဘောက် အဲ့ဒီကားက တော်တော်ထိတယ်။ အဲ့ဒီကားထဲကအမျိုးသားတစ်ယောက်လည်း အနည်းငယ်ဒဏ်ရာရတယ်။ တိုက်တဲ့ကားထဲကသူတွေတော့ ဘာမှမဖြစ်ဘူး။ကားပဲပျက်စီးတာ။ ကားသုံးစီးထဲကသူတွေ အကုန်လုံးကို သက်ဆိုင်ရာကအကုန်ခေါ်သွားတယ်” ဟု Medical လူငယ်များလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့ကလည်းရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ယာဥ် ၄ စီး ဆင့်တိုက်မှု ဖြစ်ပွားရာ အမျိုးသမီး ၂ ဦး သေဆုံးပြီး၊ ၄ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်လည်းရှိခဲ့သည်။
Photo – Medical လူငယ်များ