September 20, 2024

၂၅.၈.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ (၂၀)ရပ်ကွက်၊ ဆရာစံလမ်းတွင် သြဂုတ်လ ၂၄ ရက် ည ၁၀ နာရီ ၁၉ မိနစ်ခန့်က လူနေအဆောင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ​နေထိုင်သူ အဘွားအိုတစ်ဦး မီးလောင်သေဆုံးခဲ့​ကြောင်း သိရသည်။

ဆရာစံလမ်းရှိ အလျား ပေ ၂၀၊ အနံ ပေ ၆၀ ရှိ RC ၃ ထပ်တိုက် လူနေအဆောင်တွင် သွယ်တန်းထားသော ဝါယာကြိုးနှင့် သုံးစွဲသည့်ဝန်အား မမျှတ၍ ဘရိတ်ကာ အပူလွန်ကဲပြီး မီးပေါက်ထွက်ကာ အောက်ရှိ ဓာတ်ဆီပေပါပေါ်သို့ ကျရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုကြောင့် ပထမထပ်အဆောင်တွင် နေထိုင်သော အသက် ၆၅ နှစ်အရွယ် အဘွားအို ဒေါ်နီမှာ သေဆုံးခဲ့ပြီး လူနေအိမ်ခန်း ၁၁ ခန်း၊ အတွင်းပစ္စည်းများနှင့် ဓာတ်ဆီ ၂ ပေပါ မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၈ စီး၊ ရေသယ်ယာဥ် ၉ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီးဖြင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၈၀ ကျော်ဖြင့် မိနစ် ၄၀ နီးပါး ငြှိမ်းသတ်ခဲ့သည်။

လူနေဆောင်မီးလောင်ကာ လူသေဆုံးမှုကြောင့် ပိုင်ရှင်ဖြစ်သူ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးကြီးကို ပုဒ်မ ၂၈၅၊ ၃၀၄-ကဖြင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့မရဲစခန်းက အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

ဓာတ်ပုံ – မေတ္တာပါရမီ လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *