September 20, 2024

၂၄.၈.၂၀၂၄
Photo @ Written by TZ

ယမန်နေ့ည သြဂုတ်လ ၂၃ ရက် ည ၁၀ နာရီဝန်းကျင်အချိန်မှစ၍ သြဂုတ်လ ၂၄ ရက်နေ့အထိ တောင်ကျရေများစီးဆင်းမှုကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့နယ်၊ ရွှေချီရပ်ကွက်အတွင်းရှိ စုစုပေါင်း (၇) ရပ်ကွက် ရေကြီးရေလျှံမှုဖြစ်ပွားရာ အိမ်ထောင်စု ၃၁၃ နှင့် လူဦးရေ ၁၅၅၇ ရေဘေးသင့်ခဲ့ကြောင်း သိရသည်။

တောင်ညို၊ မိုးဆွေ စသည့် တောင်ကျရေစီးဆင်းမှုကြောင့် ပျဥ်းမနားမြို့၊ ရွှေချီရပ်ကွက်ရှိ ငလိုက်ချောင်းထဲသို့ ရေများစီးဆင်းရာ ထိုချောင်းအနီးရှိ နေအိမ်နှင့်မြေနိမ့်ပိုင်းတွင်ရှိသည့် နယ်မြေ (၁)၊ (၂)၊ (၅)၊ ( ၇)၊ ( ၈)၊ ( ၁၂)၊ (၁၇) ရပ်ကွက်အတွင်းသို့ ရေများရောက်ရှိလာ၍ အိမ်ထောင်စု ၃၁၃ နှင့် လူဦးရေ ၁၅၅၇ တို့ ရေဘေးသင့်ခဲ့ခြင်းဖြစ်သည်။

ရွှေချီရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူး ဦးစိုးအား ရေဘေးသင့်ပြည်သူများနှင့်ပတ်သက်ပြီး MT News က မေးမြန်းရာ”သြဂုတ်လ ၂၃ ရက်ည ၁၁ ခွဲလောက် ရေတက်လာတယ်။ သြဂုတ်လ ၂၄ ရက် နံနက် ၂ နာရီ ရေတွေအများကြီးတက်လာတာ။ ခုလို ရေမတက်တာ ၅ နှစ်လောက်ရှိပြီ။ ရေတက်ရင်တောင် နည်းနည်းလေးပဲတက်တာ။ ခုက အိမ်တွေပါ နစ်ကုန်တာ။ ချောင်းနားကအိမ်တွေနဲ့ မြေနိမ့်ပိုင်းကအိမ်တွေ ​နစ်ကုန်တယ်။ မိုးရွာတော့ တောင်ကျရေတွေက ဆင်းလာတာ။ တာဝန်ရှိတဲ့သူတွေလာတယ်။ ဒီညနေ ၅ နာရီတော့ အစည်းအဝေးခေါ်ထားတာရှိတယ်” ဟု ပြောသည်။

ရေဘေးသင့်သူများကို ပျဥ်းမနားမြို့ရှိ ကျောင်းသစ်ကျောင်း၊ နန်းတော်စင်ဓမ္မာရုံနှင့် စဉ့်အိုးဖိုကျောင်းတို့တွင် ထားရှိပြီး ထိုကျောင်းအတွင်း ရေဘေးသင့်ပြည်သူများကို ထမင်း၊ ဟင်းများချက်ပြုတ်ကာ အလှူရှင်များမှ လှူဒါန်းမှုများရှိသလို ရပ်ကွက်အတွင်းရှိပြည်သူများမှလည်း ရေဘေးသင့်ပြည်သူများအတွက် ထမင်း၊ ဟင်းများကို လိုက်လံလှူဒါန်းမှုများလည်း ရှိသည်။

နေအိမ်ရေဘေးသင့်၍ စဉ့်အိုးဖိုကျောင်းတွင် ရောက်ရှိနေသည့် ပြည်သူများကိုမေးမြန်းရာ “ကျွန်မတို့က ချောင်းဘေးမှာနေတာ။ အိမ်ရေနစ်တော့ ဘုန်းကြီးကျောင်းကို ပြောင်းလာတာ။ လိုအပ်တဲ့စာရွက်တွေပဲယူလာတာ။ ကျန်တာတွေတော့ ရေစီးနဲ့မြောကုန်ပြီ။ ကျွန်မတို့က ဘူးခွံတွေလိုက်ကောက်တာ။ ကောက်ထားတဲ့ ဘူးတွေလည်း ရေစီးထဲပါသွားပြီ။ ကျွန်မက ယောကျ်ားမရှိတော့ဘူး။ သမီးလေးနဲ့တူတူနေတာ။ သမီးက ၄ တန်းတက်နေတာ။ ခုချိန်က ကုန်စျေးနူန်းတွေတက်နေတော့ အခက်အခဲတွေကတော့ ဖြစ်နေတာ။ ရေသန့်ဗူး သီးသန့်ကို တစ်ပိဿာကို ၂၁၀၀ ရတယ်” ဟု ရွှေချီရပ်ကွက် နယ်မြေ ( ၂) မှ ရေဘေးသင့်ပြည်သူတစ်ဦးက MT News သို့ ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *