September 20, 2024

၂၄. ၈.၂၀၂၄
Written by Hey Mar

လက်အရိုးကျိုးကြေ အပူလောင်ဒဏ်ရာကို ထိထိရောက်ရောက် မကုသနိုင်တာကြောင့် ဆေးမြီးတိုနဲ့ ကုသနေရာကနေ အသားပုပ်လာလို့ ဖြတ်တောက် ကုသမှုခံယူဖို့အထိ လိုအပ်လာတာကြောင့် တောင်ငူအခြေစိုက် Save The Tree Rescue က တာဝန်ယူကုသပေးဖို့ သွားရောက်ကူညီခေါ်ယူခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိခဲ့ရတဲ့ ဖြစ်စဉ်က လွန်ခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့က ဆိုင်ကယ်နဲ့ မီးသွေးသွားပို့စဉ် လူမှားပြီးအရိုက်ခံရလို့ ဆိုင်ကယ်မှောက်ကာ လက်‌ကို ဆိုင်ကယ်က ပြန်ပိပြီး အိတ်ဇောနဲ့ ကပ်မိ သတိလစ်သွားတာ‌ကြောင့် အခုလို ဆိုးဆိုးရွားရွား ထိခိုက်သွားတာလို့ သိရပါတယ်။

Save The Tree Rescue မှ ကိုကျော်သူရက “ပိုက်ဆံမရှိလို့ ဆေးရုံမတက်နိုင်လို့နေရင်းက လက်ကပုပ်လာတဲ့အထိဖြစ်နေလို့ အကူညီတောင်းလာပါတယ်။ တောင်ငူ ၄ မိုင်၊ အားလူးကုန်းဘက်မှာ အိမ်ငှားနေတဲ့မိသားစုပါ။ အမျိုးသားက တောင်ပေါ်မှာမီးသွေးတိုက်ပြီး မီးသွေးရောင်းတာပါ၊ စစဖြစ်ချင်းကတော့ အိမ်မှာရှိတဲ့ ဘတ္ထရီကိုရောင်းပြီး ဆေးမြီးတိုနဲ့ကုနေတာ။ အခုက လက်ကပုပ်ပြီး အခြေအနေဆိုးလာသလို ပိုး၀င်နေပြီး အသက်အန္တရာယ်စိုးရိမ်ရလို့ တောင်ငူဆေးရုံကြီးဆီ တင်ပို့ကုသရအောင် လာခေါ်ပေးတာပါ။ အသင်းအနေနဲ့ တတ်နိုင်သမျှ အကုန် ဆောင်ရွက်ပေးသွားမှာပါ “‘ လို့ ပြောပါတယ်။

လူနာမှာ နွမ်းပါးသူတွေဖြစ်ကာ မိသားစုဝင်ဖြစ်တဲ့ ဇနီးကလည်း လသားအရွယ်က‌လေးငယ်တစ်ဖက်နဲ့မို့ အခုလက်ရှိနာမကျန်းတဲ့ အိမ်ထောင်ဦးစီးကို မှီခိုနေထိုင်ကြရတာမှာ စားဝတ်နေရေးပါ အခက်အခဲဖြစ်ပေါ်နေတာပါ။ တာဝန်ယူ‌ဆောင်ရွက်ပေးနေတဲ့ အသင်းအနေနဲ့ လိုအပ်တဲ့ ဆေးဝါးတချို့ကို လှုဒါန်းထားပြီး ခွဲစိတ်ကုသမှုမှာ ရက်ရှည်ကုသရမှာမို့ ကုန်ကျစရိတ်လည်း များနိုင်သလို အရေးပေါ်ဆေးကုသဖို့နဲ့ ပြန်လည်ထူထောင်နိုင်ရေးအတွက် အကူညီများစွာလိုအပ်နေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *