September 20, 2024

◼️  ဩဂုတ်လ ၂၃ ရက်အထိ ရေဘေးကြောင့်သေဆုံးသူ ဘင်္ဂလားဒေ့ရှ်တွင် ၁၅ ဦး၊ အိန္ဒိယတွင် ၂၃ ဦးရှိ

၂၄. ၈. ၂၀၂၄
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုကြောင့် တစ်နိုင်ငံလုံး ကသောင်းကနင်းအခြေအနေ ရောက်ခဲ့ရပြီးနောက် မကြာလှသေးမီမှာပင် ဆိုးဝါးလှသော ရေလွှမ်းမိုးမှုသဘာဝဘေးဒဏ်ကို ခံရလျက်ရှိရာ ဩဂုတ်လ ၂၃ ရက်တွင် သေဆုံးသူ ၁၅ ဦးရှိလာပြီး ပြည်သူ သန်းနှင့်ချီ၍ ရေလွှမ်းမိုးမှုဒဏ် ခံနေရကြောင်း သိရသည်။

မြစ်ချောင်းများပေါများလှသော ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြီးခဲ့သောဆယ်စုနှစ်များအတွင်း ရေလွှမ်းမိုးမှုကို မကြာခဏ ကြုံတွေ့ခဲ့ရသည်ဟုလည်း ဆိုရပေမည်။ မုတ်သုန်မိုးက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နှစ်စဉ်လိုပင် နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ရွာသွန်းလေ့ရှိသည်။ သို့သော် ရာသီဥတုပြောင်းလဲမှုများကို ကမ္ဘာအနှံ့ ကြုံတွေ့လာရသည်မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း အစွန်းရောက်ရာသီဥတုအခြေအနေများ တိုးပွားလာခဲ့ခြင်းဖြစ်သည်။

ဟိမဝန္တာတောင်တန်းဒေသမှ စတင်မြစ်ဖျားခံစီးဆင်းလာသော ဂင်္ဂါမြစ်နှင့် ဗြဟ္မပုတ္တရမြစ်များကြောင့်လည်း  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒေသအတော်များများက မြစ်ဝ ကျွန်းပေါ်ဒေသများဖြစ်သည်ကို တွေ့ရသည်။ ယခုအခါတွင်မူ နိုင်ငံအတွင်း အဆိုပါမြစ်ကြီးနှစ်ခု၏ အဓိကကျသော မြစ်လက်တက်အားလုံးမှာ ရေပြည့်လျှံနေသည့်အခြေအနေသို့ ရောက်ရှိလျက်နေပေသည်။

ဘင်္ဂလားဒေ့ရှ်၏ သဘာဝဘေးကာကွယ်ရေးဝန်ကြီးဌာနကလည်း ရေလွှမ်းမိုးမှုကြောင့် ဩဂုတ်လ ၂၃ ရက်အထိ သေဆုံးသူ ၁၅ ဦးရှိလာပြီဟု ကြေညာခဲ့သည်။ ထိုသေဆုံးမှုတွင် နိုင်ငံ၏အရှေ့တောင်ဘက် ကမ်းခြေတစ်လျှောက်မြို့ကြီးများအတွင်း ရေဘေးခံရသူများအနက် သေဆုံးမှုနောက်ဆုံးစာရင်းဖြစ်ကာ စစ်တကောင်း နှင့် ကော့စ်ဘဇားကဲ့သို့မြို့ကြီးများပါဝင်ပေသည်။

မြို့တော်ဒက်ကာ၏ အရှေ့ဘက်ရှိ ကိုမီလာမြို့ကဲ့သို့ အိန္ဒိယနိုင်ငံ၊ ထရီပူရ ပြည်နယ် နယ်စပ်နှင့်နီးသော ဒေသများတွင်လည်း ရေဘေးဒဏ်ဆိုးဝါးစွာခံနေရကြောင်း သိရသည်။

အိန္ဒိယနိုင်ငံအတွင်း ရေလွှမ်းမိုးမှုဒဏ်ကို အဆိုးဝါးဆုံးခံနေရသည့် ထရီပူရ ပြည်နယ်တွင်ဆိုလျှင်လည်း ဩဂုတ်လ ၁၉ ရက်မှစ၍ ရေဘေးကြောင့်သေဆုံးသူ ၂၃ ဦးအနည်းဆုံးရှိသွားပြီဖြစ်သည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရေဘေးသက်ရောက်မှုဒဏ်ကို ခံနေရသောပြည်သူများမှာ ၄ ဒသမ ၅ သန်းအထိရှိမည်ဖြစ်ကာ ၎င်းတို့အနက် ၁၉၀,၀၀၀ နီးပါးသာကယ်ဆယ်ရေးစခန်းများတွင် လက်ခံထားနိုင်ကြောင်းစာရင်းများအရ သိရပေသည်။

Ref-CNA

Leave a Reply

Your email address will not be published. Required fields are marked *