September 20, 2024

၂၄.၈. ၂၀၂၄
Written by Shwe Phyo

စင်ကာပူနိုင်ငံအခြေစိုက် Sembcorp Industries ကုမ္ပဏီသည် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် မန္တလေးတိုင်းဒေသကြီးတွင် ဆိုင်းငံ့ခဲ့ရသော Sembcorp Myingyan Independent Power Plant လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ပြန်လည်လုပ်ကိုင်သွားဖွယ်ရှိနေကြောင်း သတင်းထုတ်ပြန်လိုက်သည်။

Sembcorp Industries သည် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း မြင်းခြံမြို့တွင်လုပ်ကိုင်နေသည့် Sembcorp Myingyan Independent လျှပ်စစ်ဓာတ်အားပေးစက်ရုံလည်ပတ်လုပ်ကိုင်နေခြင်းကို ယာယီဆိုင်းငံ့လိုက်ကြောင်း သြဂုတ် ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ဖူးသည်။

Sembcorp Industries ကုမ္ပဏီက မြင်းခြံမြို့တွင် တိုက်ပွဲဖြစ်ပွားမှု အရှိန်လျော့နည်းလာသည့်အတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ပြန်လည်လည်ပတ်သွားဖွယ်ရှိနေကြောင်းသြဂုတ် ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါကုမ္မဏီက “အ‌ခြေအနေတွေဟာ စက်ရုံမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို
ပြန်လာဖို့ ဘေးကင်းမှုရှိ မရှိ ဆိုတာအကဲဖြတ်သွားမယ်” ဟုပြောသည်။

မြန်မာအစိုးရပိုင် လျှပ်စစ်ဓာတ်အားနှင့် ဖြန့်ဖြူးရေးအဖွဲ့ ၏ သတ်မှတ်စည်းကမ်းများအတိုင်း ဓာတ်အားလည်ပတ်မှုလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး
လျှပ်စစ်ဓာတ်အားပေးစက်ရုံတွင်ပါဝင်လုပ်ကိုင်နေသည့် ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးက အဓိကအရေးကြီးဆုံးဖြစ်ကြောင်း Sembcorp Industries က သတင်းထုတ်ပြန်ထားသည်။

Sembcorp Industries ကုမ္ပဏီသည် မြင်းခြံမြို့တွင်လျှပ်စစ်ဓါတ်အား ၂၂၅ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်လုပ်ကိုင်နေပြီး ၂၀၁၈ ခုနှစ်တွင် စတင်လည်ပတ်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

REF theedgesingapore.

Leave a Reply

Your email address will not be published. Required fields are marked *