September 20, 2024

၂၄.၈.၂၀၂၄
Written by Hey Mar

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်‌ နေတဲ့ ထူးခြားမိုးလေဝသအခြေအနေ‌တွေကြောင့် မြန်မာနိုင်ငံတဝှမ်းလုံးမှာ ဩဂုတ်လကုန်ရက်တွေအတွင်း မိုးအားကောင်းလာနိုင်တယ်လို့ မိုးလေဝသနဲ့ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွေ စောင့်ကြည့်လေ့လာ သူ ဦးဝင်းနိုင်က သူတွေ့ရှိတဲ့ ခန့်မှန်းချက်ကို ပြောပါတယ်။

အိန္ဒိယမိုးလေဝသဌာနရဲ့ ဩဂုတ် ၂၃ ရက် နေ့လယ်ပိုင်း ထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးဖြစ်ပေါ်ခဲ့တဲ့ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး အနောက်ဘက်ကိုဆက်လက်ရွေ့လျားနေကာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကမ်းခြေအနီးမှာလည်း လေဖိအားနည်းရပ်ဝန်းအသစ်တခု ထပ်မံဖြစ်ပေါ်နေတယ်လို့ ‌ကြေညာထားပါတယ်။

အနောက်ဘက် အိန္ဒိယနိုင်ငံကုန်းတွင်းကို ရွေ့လျားသွားတဲ့ လေဖိအားနည်းရပ်ဝန်းက အာရေဗျပင်လယ်ဘက်အထိ ဆက်လက်ရွေ့လျားနိုင်ပြီး အားကောင်းတဲ့ကုန်းတွင်း မုန်တိုင်းတစ်လုံးအဆင့် ဖြစ်လာနိုင်ချေ ရာနှုန်းပြည့် အထိရှိကြောင်း၊ အသစ်ထပ်မံဖြစ်ပေါ်တဲ့ လေဖိအားနည်းရပ်ဝန်းကလည်း ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းကို ရွေ့လျားလာနိုင်ပြီး ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ ‌မြောက်ပိုင်းဆက်စပ်ရာ ပင်လယ်ပြင်မှာ ဩဂုတ် ၂၉-၃၀-၃၁ ရက်ခန့်‌ နေ့တွေအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်လာနိုင်တယ်လို့ ကနဦးကြိုတင်ခန့်မှန်းတွေ့ရှိချက်ကို မိုးလေဝသနဲ့ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွေ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ပြောပါတယ်။

ဦးဝင်းနိုင်က “အခုလို ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လာတဲ့ ထူးခြားမိုးလေဝသအခြေအနေ‌တွေကြောင့် မြန်မာနိုင်ငံတဝှမ်းလုံးမှာ ဩဂုတ်လကုန်ရက်အတွင်း မိုးအားကောင်းလာနိုင်မယ်။ နေရာကွက်ပြီး မိုးကြီးတာတွေလည်း ဖြစ်လာနိုင်တယ်လို့ တွေ့ရတဲ့အတွက် ရေနဲ့ပတ်သက်တဲ့ သဘာဝဘေးများထပ်မံဖြစ်ပေါ်နိုင်မဲ့ အခြေအနေတွေ သတိပြုရမယ်။ အခုထူးခြားမိုးလေဝသအခြေအနေကြောင့် အထက်ဘက်ရော အောက်ဘက်ရော မိုးများနိုင်မလားစောင့်ကြည့်ရပါမယ်” လို့ MT News ကို ပြောပါတယ်။

မြန်မာပြည်အထက်ပိုင်း‌ရောအောက်ပိုင်းမှာပါ မိုးများပြီး ဒီရေကလည်း တိုးနေတဲ့ အ‌ခြေအနေဖြစ်ပေါ်လာပါက ဒုတိယရေကြီးကာလ အစပျိုးသွားနိုင်တယ်လို့ သိရပါတယ်။ လက်ရှိမှာ မြစ်ရေတွေ၊ ချောင်းရေ၊ ကန်ရေတွေနဲ့ ရေလှောင်တမံတွေမှာ ရေက တောင့်နေ(ပြည့်နေ)ပြီး၊ မိုးများတာနဲ့ ပြည့်နေတဲ့ရေက လျှံလာနိုင်တာကြောင့် ရေကြီး‌ ရေလျှံမှု ခံစားခဲ့ရတဲ့ဒေသအားလုံးက ပြည်သူတွေ သတိပြုနိုင်ကြဖို့လည်း အသိပေးနှိုးဆော်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *