September 20, 2024

၂၄.၈. ၂၀၂၄
Written by Shwe Phyo

မလေးရှား ရဲတပ်ဖွဲ့သည် သြဂုတ် ၂၃ ရက် ညနေပိုင်းက ချီရက်ဒေသနှင့် ကာဂျန်ဒေသရှိ အဆောက်အဦလေးခုကို စီးနင်းရှာဖွေချိန်အတွင်း မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသည့် မြန်မာနိုင်ငံသား ၂၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသား လူကုန်ကူးသူများ စီမံခန့်ခွဲနေသော အဆောက်အဦများကို စီးနင်းခဲ့ပြီးနောက် တရားမဝင်ရွှေ့ပြောင်းအလုပ် သမားများ ပို့ဆောင်သည့် လုပ်ငန်းလုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၅ ဦးကိုလည်း အဆိုပါ ၂၉ ဦးတွင် ပါဝင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ လူ ၂၉ ဦးကို ဖမ်းဆီးမှုတွင် မြန်မာနိုင်ငံသား လူကုန်ကူးအေးဂျင့် ငါးဦးက မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ခေါ်လာခဲ့သည်ဆိုသောသတင်းအား လက်ခံရရှိခဲ့ပြီးနောက် သြဂုတ် ၂၃ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း မလေးရှား လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဆိုဖီအမ် ဆန်တန်က ပြောသည်။

၎င်းက ” စီးနင်းစစ်ဆေးချိန်အတွင်း အသက် ၁၈ နှစ်နဲ့ အသက် ၃၆ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ၂၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်။ အဲဒီဖမ်းဆီးရမိသူတွေထဲမှာ အမျိုးသမီးနှစ်ဦးလည်း ပါဝင်ခဲ့တယ်။ အဲဒီသူတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်နှစ်ပတ်အတွင်း လူကုန်ကူးသမားတွေထားရှိတဲ့ အဆောက်အဦမှာ နေထိုင်နေခဲ့ရသူတွေဖြစ်တယ်။ အဲဒီ စီးနင်းမှုအတွင်း လူကုန်ကူးသမား ၅ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး မြန်မာနိုင်ငံသား ၂၉ ဦး ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၄ ဦးသည် အရှေ့ဘက်ကမ်းရိုးတန်းမှ မလေးရှားနိုင်ငံကုန်းမြေအတွင်း ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး လူကုန်ကူးသမားအေးဂျင့်များကိုပွဲစားခအဖြစ် မလေးရှားရင်းဂစ် ၂၀၀၀ နှင့် ၃၀၀၀ ကြားပေးခဲ့ရကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဆိုဖီအမ် ဆန်တန်ကပြောသည်။

ဖမ်းဆီးရမိသူများကို ကနဦးစုံစမ်းစစ်ဆေးမှုများအရ လူကုန်ကူးသမားအေးဂျင့် ၅ ဦးသည် အသက် ၂၇ နှစ်နှင့် အသက် ၃၀ နှစ်အရွယ်ကြား ရှိနေသူများဖြစ်ပြီး ပြီးခဲ့သော သုံးလအတွင်း မလေးရှားနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံသားများကို တရားမဝင်ခေါ်ဆောင်ခြင်းများရှိခဲ့ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။

REF thestar

Leave a Reply

Your email address will not be published. Required fields are marked *