September 20, 2024

၂၄. ၈. ၂၀၂၄
Written by Nay Moe

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းမီးပွိုင့်အနီးတွင် ယာဉ်ထိန်းရဲများကို ယနေ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု God’s Hand Forces အဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို ယနေ့ ဩဂုတ်လ ၂၄ ရက် နံနက် ၉ နာရီ ၇ မိနစ်အချိန်ခန့်က လုပ်ဆောင်ခဲ့ပြီး အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းမီးပွိုင့်အနီး ပြည်လမ်းပေါ်တွင် ဂိတ်ချငွေတောင်းနေ၍ ယာဉ်ထိန်းရဲများကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ယာဉ်ထိန်းရဲ အရာရှိ ၁ ဦးနှင့် အခြားအဆင့် ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ထပ်မံအတည်ပြုနေကြောင်းလည်း ဖော်ပြထားသော်လည်း MT News သတင်းဌာနအနေဖြင့် မြေပြင်တွင် အမှန်တကယ်တိုက်ခိုက်မှုနှင့် ထိခိုက်မှုရှိမရှိ စုံစမ်းနေဆဲသာဖြစ်သည်။

အဆိုပါစစ်ဆင်ရေးသည် M 043 စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး ပဥ္စမမြောက် တိုက်ခိုက်မှုလည်းဖြစ်ကြောင်း၊ စတုတ္ထမြောက်တိုက်ခိုက်မှုကို ဇူလိုင် ၂၉ ရက်က လှိုင်သာယာဗိုလ်ချုပ်မှတ်တိုင်အနီး ကင်းပတ်ယာဥ်တန်း၊ တတိယမြောက်တိုက်ခိုက်မှုကို ဇူလိုင် ၁၀ ရက်က ဓမ္မစေတီလမ်းအနီးရှိ ကင်းစခန်း၊ ဒုတိယမြောက်တိုက်ခိုက်မှုကို မေ ၁၄ ရက်က ပေါက်တောဝမီးပွိုင့်အနီးရှိ နှစ်ထပ်ဘန်ကာ၊ ပထမအကြိမ်တိုက်ခိုက်မှုကို ဧပြီ ၆ ရက်က မင်္ဂလာဒုံ ဘိုခြံအနီးရှိ အိမ်စီးကားနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့သည်ဟုလည်း God’s Hand Forces ထုတ်ပြန်မှုများအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *