September 20, 2024

၂၄. ၈. ၂၀၂၄
Translated by Htwe Ko Tun

မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူတွင် အသက် ၄၈ နှစ်ရှိ ကမ္ဘာလှည့်ခရီးသွား အိန္ဒိယနိုင်ငံသား အမျိုးသမီးတစ်ဦးက ဩဂုတ်လ ၂၃ ရက်တွင် လမ်းတစ်ခု၏ဘေးဖက်၌လမ်းလျှောက်လာစဉ် ရုတ်တရက်ပလက်ဖောင်းပြိုပျက်ကျမှုဖြစ်ပွားကာ ထိုအမျိုးသမီးမှာ မြေအောက်တွင်းကြီးတစ်ခုထဲသို့ ကျသွားခဲ့ပြီး ရှာ၍မတွေ့တော့ဘဲ ပျောက်ကွယ်သွားခဲ့ကြောင်း သိရသည်။

မလေးရှားရဲတပ်ဖွဲ့ရဲချုပ် ရပ်စ်ဒီ မိုဟာမက် အီဆာက ထိုနယ်မြေအတွင်း အားကောင်းသောမြေအောက် ရေစီးကြောင်းက စီးဆင်းလျက်ရှိရာ အမျိုးသမီးမှာရေစီးကြောင်းနှင့်အတူ အဝေးသို့ပါသွားဖွယ်ရာရှိကြောင်းလည်း ပြောခဲ့သည်။

ထိုဖြစ်ရပ်က ကွာလာလမ်ပူမြို့၏ ဒန်ဝန်ဂီနယ်မြေ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ မျက်မြင်တွေ့ရှိသူများကလည်း အမျိုးသမီးမှာ ၂၆ ပေခန့်နက်မည့်တွင်းထဲသို့ ပလက်ဖောင်းပြိုပျက်မှု၌ ရုတ်တရက်လဲကျကာ ပျောက်ကွယ်သွားခဲ့ခြင်းဟု ပြောခဲ့ကြသည်။

ရဲတပ်ဖွဲ့ကလည်း ထိုအမျိုးသမီးမှာ ခင်ပွန်းဖြစ်သူနှင့် မိတ်ဆွေများနှင့်အတူ မလေးရှားနိုင်ငံသို့ လာရောက်လည်ပတ်နေခြင်းဖြစ်ကြောင်းနှင့် ပျောက်ဆုံးလျက်ရှိကြောင်း အတည်ပြုခဲ့သည်။ ထိုဖြစ်ပွားရာနေရာကိုလည်း ပိတ်ဆို့ပြီး မြေတူးစက်တစ်ခုနှင့် အပျက်အစီးများကိုဖယ်ရှားကာ ရှာဖွေကယ်ဆယ်ရေး ပြုလုပ်ခဲ့သော်လည်း အဆိုပါအမျိုးသမီးအား အရိပ်အယောင်မျှ မတွေ့ဘဲ ရှိခဲ့ရသည်။ ဒေသခံရဲတပ်ဖွဲ့ ယကမူ ပျောက်ဆုံးနေသော အမျိုးသမီး၏ ဖြစ်နိုင်ဖွယ် အခြေအနေ (သို့မဟုတ်) ထိုသို့ဖြစ်ရခြင်းအတွက် အကြောင်းရင်းကို ဝေဖန်ပြောကြားရန်ငြင်းဆိုခဲ့ကြောင်း သိရသည်။

ရဲချုပ် ရပ်စ်ဒီကမူ ထိုရှာဖွေမှုကို သေချာစွာစီမံဆောင်ရွက်ရန်လိုကြောင်း၊ အကြောင်းမှာ ၎င်းက ပြည်သူအများ၏ အခြေခံအဆောက်အအုံနှင့်ပတ်သက်နေ၍ဖြစ်ကြောင်း၊ အရမ်းကာရောပြုလုပ်၍မရကြောင်း ပြောခဲ့သည်။ ၎င်းက အကယ်၍ ရေပိုက်များ(သို့မဟုတ်) မြောင်းများကို ပိတ်ပစ်လိုက်မည်ဆိုပါက အဆိုပါနယ်မြေအတွင်း ရေလွှမ်းမိုးမှုဖြစ်လာနိုင်ကြောင်းလည်းပြောခဲ့သည်။

ဆက်လက်၍ ရပ်စ်ဒီ က ၂၀၂၃ ခုနှစ်အတွင်းကလည်း ထိုနေရာ၌ပင် ရုတ်တရက်မြေကြီးများပြိုကျမှု တစ်ရပ်ဖြစ်ခဲ့၍ ပြင်ဆင်ခဲ့ရကြောင်း၊ သို့သော် အနီးပတ်ဝန်းကျင်ရှိ လုပ်ငန်းများက လုံခြုံစိတ်ချရမှုအတွက် စိုးရိမ်ရမှုများကြောင့် ထိုနေရာကို ခေတ္တ ပိတ်ထားရန်ပင် အကြံပေးခဲ့ကြဖူးကြောင်း ပြောကြားခဲ့သည်။

မြေအောက်သို့ပြုတ်ကျသွားခဲ့သော အိန္ဒိယအမျိုးသမီးမှာ ခရီးသွားဖက်များနှင့်အတူ မလေးရှားနိုင်ငံသို့ နှစ်လတာအားလပ်ရက် လာရောက်လည်ပတ်နေခြင်းဖြစ်ပြီး ဩဂုတ်လ ၂၄ ရက်တွင် ပြန်ရန်စီစဉ်ထားကြကြောင်း သိရသည်။

Ref. Indian Express

Leave a Reply

Your email address will not be published. Required fields are marked *