September 20, 2024

Seven Eleven ကုန်စုံဆိုင်သို့ အဖွဲ့အစည်းအတွက်ဈေးလာဝယ်စဉ် လူတစ်စုက ရဲဒင်းဖြင့် ခုတ်သတ်ခဲ့ဟု ဆို

၂၄.၈.၂၀၂၄
Written By Zun

နယ်ဒါးမြ၏ ကော်သူးလေတပ်မတော်(KTLA) ဒုတပ်ခွဲမှုးရဲဇော်ထက်ဆိုသူ ရဲဒင်း(ရဲတင်း)ဖြင့်ခုတ်သတ်ခံရမှု ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့ကြောင်း ထိုင်းဒေသတွင်းသတင်းများအရ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက် နံနက် ၅ နာရီခန့်အချိန်က ထိုင်း-မြန်မာ နယ်စပ်၊ ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ အုန်းဖန်မြို့ရှိ Seven Eleven ကုန်စုံဆိုင်သို့ အဖွဲ့အစည်းအတွက် ဆိုင်ကယ်ဖြင့် ဈေးလာဝယ်စဉ် အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အမည်မသိလူတစ်စုက အဆိုပါ KTLA ဒုတပ်ခွဲမှုးဆိုသူ အသက် ၂၂ နှစ်အရွယ်ခန့် ရဲဇော်ထက်အား ရဲဒင်းဖြင့်လိုက်ခုတ်ခဲ့ကြောင်း၊ ထို့ကြောင့်အခင်းဖြစ်ပွားရာ အနီးရှိ နေအိမ်သို့ဝင်ပြေးခဲ့သော်လည်း နောက်မှ ထပ်မံ လိုက်လာသူက ရဲဇော်ထက် ပြေးဝင်သည့်နေအိမ်အတွင်းထိ လိုက်၍ ထပ်မံ ခုတ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေအိမ်ပိုင်ရှင်က သက်ဆိုင်ရာကို အကြောင်း ကြားခဲ့ရာ တာဝန်ရှိသူများနှင့်ဆေးရုံမှ လူနာတင်ယာဉ် ရောက်ရှိလာပြီး ရဲဇော်ထက်အား ဆေးရုံသို့ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံအရောက်တွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယခုအခါကိုရဲဇော်ထက်၏ ရုပ်အ‌လောင်းကို အုန်းဖန်ရဲစခန်းအနီးရှိ နာရေးအဆောင်၌ထားရှိဆဲဖြစ်ကြောင်း သိရသည်။

ရဲစခန်းကလည်း ရဲဇော်ထက်ကို ရဲဒင်းဖြင့် ခုတ်သတ်ခဲ့သူက လာရောက်အဖမ်းခံပြီဟုပြောဆိုထားသော်လည်း ယင်းသို့ကျူးလွန်သူမှာ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်းမရှိကြောင်း ထိုင်းဒေသတွင်း သတင်းများက ရေးသားချက်များအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *