September 20, 2024

◾️ ဆီဆိုင်ပေါင်း ၃၀၀၀ ကျော်သို့ ဆီသယ်ယာဉ် ၁၀၀၀ ကျော်ဖြင့် စက်သုံးဆီဂါလန် သုံးသန်းခန့် ပိုမိုဖြန့်ဖြူးပေးခဲ့မှုကြောင့် စက်သုံးဆီဝယ်ယူရေး ပုံမှန်ပြန်ဖြစ်နေပြီဖြစ်သော်လည်း ဆက်လက်တိုးမြှင့် ဖြန့်ဖြူးပေးသွားမည်

၂၄. ၈. ၂၀၂၄
Written by Nyein Kyaw

ဆီတင်သင်္ဘော ၄ စီးမှ ဒီဇယ်ဆီတန်ချိန် ၇၀,၀၀၀ ကျော်နှင့် ဓာတ်ဆီတန်ချိန် ၁၁,၀၀၀ ကျော်တို့ကို သိုလှောင်ကန်များတွင် ချယူဖြည့်တင်းနေသည့်အပြင် ဆီတင်သင်္ဘော ၆ စီးမှလည်း ရန်ကုန်မြစ်ဝတွင် ရောက်ရှိနေပြီဖြစ် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီသည် ပြည်တွင်းစက်သုံးဆီ လက်ကျန်အခြေအနေအရ ဖူလုံစွာဖြန့်ဖြူးနိုင်ရန်အတွက် ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများအား Shipment Plan အစီအစဉ်အတိုင်း အဆက်မပြတ် ဝင်ရောက်နိုင်ရန် အတွက် စီမံဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၂၂ ရက်တွင် ရန်ကုန်မြစ်ဝ Pilot ၌ ဆီတင်သင်္ဘော ၆ စီးရောက်ရှိ အသင့်စောင့်ဆိုင်းလျက်ရှိသည့်အပြင် သီလဝါ ဆိပ်ကမ်းဒေသရှိ Jetty များတွင်လည်း သင်္ဘော ၄ စီးရောက်ရှိ ဆိုက်ကပ်၍ ဒီဇယ်ဆီတန်ချိန် ၇၀,ဝဝဝ ကျော်နှင့် ဓာတ်ဆီတန်ချိန် ၁၁,ဝဝဝ ကျော်အား သိုလှောင်ကန်များတွင် ချယူဖြည့်တင်းလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ထပ်မံဝင်ရောက်လာမည့် ဆီတင်သင်္ဘောများလည်း အစီအစဉ်တိုင်း ဝင်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပို့ဆောင်မည့် ဆီတင်ယာဉ် Bowser များ အချိန်မီထွက်ခွာနိုင်ရေး သီလဝါသိုလှောင်ကန်စခန်းများရှိ ဆီဖြည့်တင်းပေးမှုများ အဆင်ပြေချောမွေ့စေရေး တို့ကိုလည်း ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံအနှံ့အပြားတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းခရီးအခြေအနေအရ စက်သုံးဆီများ သယ်ယူပို့ဆောင်မှု ပုံမှန်ထက်အနည်းငယ် နှောင့်နှေးကြန့်ကြာမှုကြောင့် အဓိကအားဖြင့် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ စက်သုံးဆီ အရောင်းဆိုင်အချို့တွင် ယာဉ်တန်းစီဝယ်ယူမှုများဖြစ်ပေါ်ခြင်းအား လျော့နည်းသွားစေရန်နှင့် အရောင်းဆိုင်များတွင် ဆီပြတ်လပ်မှုမရှိစေရန်အတွက် စီမံဆောင်ရွက်လျက်ရှိသည်။

ယင်းကဲ့သို့ ဆောင်ရွက်ခဲ့ရာ နေပြည်တော်ရှိတွင် ဆိုင် ၁ဝဝ ခန့်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဆိုင် ၂ဝဝ ခန့်၊ မန္တလေးတိုင်းဒေသကြီးတွင် ဆိုင် ၇၀၀ ခန့်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဆိုင် ၂၅ဝ ခန့်အပါအဝင် နိုင်ငံအဝှမ်းအရောင်းဆိုင် ၃,ဝဝဝ ကျော်သို့ ဆီတင်ယာဉ် ၁,ဝဝဝ ကျော်အထိ တိုးမြှင့်ဖြန့်ဖြူးပေးလျက်ရှိပြီး လိုအပ်သည့် အရောင်းဆိုင်များသို့ အရေးပေါ် Urgent နှင့် အထူး Special အစီအစဉ်တို့ဖြင့်လည်း ထပ်တိုးဖြန့်ဖြူးခဲ့ရာ ဩဂုတ်လ ၂၃ ရက်အထိ ဓာတ်ဆီနှင့် ဒီဇယ်ဆီ စုစုပေါင်းဂါလန် သုံးသန်းခန့် ပိုမိုဖြန့်ဖြူးပေးခဲ့သည့်အပြင် ဆီတင်ယာဉ်(Bowser)များ အရောင်းဆိုင်များသို့ အချိန်မီရောက်ရှိ ဖြည့်တင်းနိုင်မှုတို့ကြောင့် ယခုရက်ပိုင်းအတွင်း ယာဉ်တန်းစီဝယ်ယူမှုများ လျော့နည်းကျဆင်းကာ ပုံမှန်ဝယ်ယူမှုအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ဆက်လက်တိုးမြှင့် ဖြန့်ဖြူးပေးရန် စီစဉ်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

ထို့အပြင် အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် စက်သုံးဆီအမယ်လိုက် ဈေးနှုန်းများသည်လည်း ဩဂုတ်လ ၂၂ ရက်ထက် အသီးသီးလျော့နည်း ကျဆင်းလျက်ရှိကြောင်းနှင့် ပြည်ပမှစက်သုံးဆီများ အဆက်မပြတ်ဝင်ရောက်လျက်ရှိပြီး ကောလဟလ များကြောင့် အများပြည်သူများ လိုအပ်သည်ထက်ပိုမို၍ ဝယ်ယူမှုများပြားသည့်အတွက် လိုအပ်သလောက်သာ ဝယ်ယူကြရန်နှင့် အရေးကြီးအသုံးများသည့်အရောင်းဆိုင် များသို့လည်း ပုံမှန်ဖြန့်ဖြူးမှုထက် ပိုမိုဖြန့်ဖြူးပေးလျက်ရှိကြောင်း အသိပေး ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *