September 20, 2024

၂၃. ၈. ၂၀၂၄
Written by Nyein Kyaw

တောင်ငူမြို့ရိုးနှင့် ကေတုမတီနန်းတော်ရာ ပြန်လည်တည်ဆောက်ရာတွင် သမိုင်းကြောင်း အထောက်အထား သေချာသည့်နေရာများ ပြန်လည်ဖော်ထုတ်သွားရန်နှင့် ရှေးဟောင်းအမွေအနှစ်များကို ဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်းရန် နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ နေရာများ ပြုပြင်ထိန်းသိမ်းရန် ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့သည်။

အဓိကအားဖြင့် တောင်ငူမြို့ရိုးနှင့် ကေတုမတီနန်းတော်ရာ ပြန်လည်တည်ဆောက်ရေးအတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကေတုမတီမြို့ရိုးသည် ပြန်လည်ဖော်ထုတ်သင့်သည့် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်ကြောင်း၊ သမိုင်းကြောင်းအရ အထောက်အထားသေချာသည့် နေရာများကို ပြန်လည်ဖော်ထုတ်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အလားတူ မြို့ကွက်အသစ်များဖော်ထုတ်ခြင်းနှင့် ရွှေ့ပြောင်း၍ရသည့် အစိုးရရုံးဌာနဆိုင်ရာ အဆောက်အဦများကို ဦးစွာပြောင်းရွှေ့သွားရန်လိုကြောင်း၊ ကေတုမတီနန်းတော်ရာနှင့် ပတ်သက်၍ အတည်ပြု၍ရသည့်နေရာများ၊ ဘုတ်တလုတ်ကန်နေရာများကို ပြန်လည်ဖော်ထုတ်ရာတွင် ရှေးဟောင်းဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ရှေးဟောင်းအမွေအနှစ်နေများကို ဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် တောင်ငူဒေသနှင့် မိတ္ထီလာဒေသသည် နေပြည်တော်နှင့်လက်လှမ်းမီသည့် နေရာများဖြစ်ပြီး မြန်မာနိုင်ငံ၏ အချက်အခြာနေရာများဖြစ်သည့်အတွက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။

ထို့နောက် SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း၊ အရှေ့ဘက်ကျုံးနေရာရှိ ယိုးဒယားပေါက်နေရာ၊ အနောက်ဘက်မြို့ရိုးနေရာရှိ မြို့ရိုးတူးဖော်ထိန်းသိမ်းထားရှိမှုနှင့် ရေကျုံးနေရာ၊ မြို့ရိုးအရှေ့တောင်ထောင့်ရှိ မြို့လေးခံတပ်နေရာနှင့် မြို့ရိုးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တောင်ငူဘူတာမှ သောင်းတိုင်ကုန်းဘူတာအကြားအထိ RBE အထူးရထားတွဲဖြင့် လိုက်ပါစီးနင်း၍ တောင်ငူဘူတာရုံ(အသစ်) တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့အပြင် တောင်ငူ – ရေတာရှည် ရထားလမ်းပိုင်းတစ်လျှောက် လိုက်ပါ စီးနင်း၍ ရထားလမ်းပိုင်းကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တောင်ငူဒေသ၏ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မြို့ပြဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *