September 20, 2024

၂၃. ၈. ၂၀၂၄
Written by Thettant

ဒီနေ့ညမှာ ထိုးသတ်ကြတဲ့ One Championship ရဲ့ One Friday Fight 76 မှာ ထွန်းမင်းနိုင်(ဆူလေမန်) နဲ့ စစိုးသီဟ(စောစံမြ)တို့ အလဲထိုးနဲ့ရှုံးပြီး ထိုင်းနဲ့ ဂျပန်ဖိုက်တာတွေကို ဘတ် ၃၅၀၀၀၀ စီ ဆုကြေးဆွတ်ခူးခွင့်ပေးလိုက်ရပေမဲ့ အဲမွီနဲ့ သွေးလင်းထက်က ထိုင်းနဲ့ ဂျပန်ဖိုက်တာတွေကို အနိုင်ပြန်ယူပြီး ဘတ် ၃၅၀၀၀၀ ဆီ ပြန်ဆွတ်ခူးပေးနိုင်လို့ ၂ ပွဲရှုံး ၂ ပွဲနိုင်နဲ့ သရေကျပြီး မြန်မာဖိုက်တာ ငါးပွဲမှာ ရာခိုင်နှုန်း ၆၀ နိုင်ဖို့အရေးဟာ နာလန်ထ သန့်ဇင်အပေါ် ပုံကျလာတာပါ။

ဒုခေါင်ပွဲတည်ပေးထားတဲ့ ထိုင်ကလည်း ခပ်ညံ့ညံ့ဖိုက်တာမဟုတ်သလို လက်စွမ်းလက်စကောင်းပြီး သွေးရဲတဲ့ ဖိုက်တာဖြစ်နေတာကြောင့် ပွဲကောင်းပွဲကြမ်းကို မျှော်လင့်ခဲ့ကြတာပါ။ ပွဲအထွက်မှာ သန့်ဇင်ကလည်း ပစ်လိုက်တိုင်းထောင်မဲ့ ပစ်တိုင်းထောင်ရုပ်လေးနဲ့ ပွဲထွက်လာသလို ထိုင်ကလည်း မားမားမတ်မတ် ပွဲထွက်လာတာပါ။

ဒါပေမဲ့လည်း နှစ်ယောက်ဆိုင်စ တာလွှတ်ချိန်မှာကို သန့်ဇင်ရဲ့ အောက်ခြေကန်ချက်က ထိုင်ကို အထိနာသွားစေပုံရပြီး သန့်ဇင်ရဲ့ထိုးချက်တွေ ပြန်မထိုးဘဲ ပေခံနေခဲ့တာပါ။ သန့်ဇင်ရဲ့ ပထမကန်ချက်တင် သွေးပျက်သွေးကြောင် အကြောက်လွန်သွားပုံရတဲ့ ထိုင် တစ်ဖက်သတ် အထိုးခံ ပေခံနေရင်း အမှတ်စဥ်နှစ်ကြိမ် အရေခံရ အလဲထိုးခံရပြီး ၄၃ စက္ကန့်နဲ့ ပွဲပြတ်သွားခဲ့ပါတယ်။

ပြိုင်ဘက်ထိုင်က ဟန်ပြနှစ်ချက်လောက် ထိုးတာကလွဲရင် ပြန်မထိုး၊ သန့်ဇင်က ထိုးတာ တစ်ဖက်သတ်အထိုးခံရင်း အနိုင်ရသွားတာမို့ ကျေးဇူးတင်စကားလည်းမကြားရ၊ ဆုကြေးလည်းမရ အူလည်လည်နဲ့ အလဲထိုးပွဲပြီးသွားတာမို့ ဒုခေါင်ပွဲကို အားပါးတရကြည့်ဖို့စောင့်နေတဲ့ မြန်မာပရိသတ်တွေမှာ သန့်ဇင် အလဲထိုးနိုင်တာကို၊ မြန်မာငါးယောက်မှာ သုံးယောက်က နိုင်လို့ အနိုင်ရာခိုင်နှုန်းများတာကိုတောင် မပျော်နိုင်တော့ဘဲ သန့်ဇင်နိုင်ပွဲကို အူလည်လည်လက်ခုပ်တီးရင်းပဲ မချင့်မရဲ အားပေးလိုက်ရပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *