September 20, 2024

၂၃. ၈. ၂၀၂၄
Written by Nyein Kyaw

အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းကွင်းဆက်များအား ဖော်ထုတ်၍ အကြမ်းဖက်မှုလုပ်ရပ်များ လျော့နည်းပပျောက်သွားအောင် ဆောင်ရွက်သွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာဆောင်ရွက်ထားရှိမှုများအား စစ်ဆေးစဉ် ပြောကြားခဲ့သည်။

အများပြည်သူလုံခြုံရေးနှင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ အကြမ်းဖက်မှုလုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိသည့် အကြမ်းဖက် သောင်းကျန်းသူများ၏ သတင်းကွင်းဆက်များအား ဖော်ထုတ်၍ အကြမ်းဖက်မှုလုပ်ရပ်များ လျော့နည်းပပျောက်သွားအောင် ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လမ်းပန်းဆက်သွယ်မှုများ လုံခြုံချောမွေ့ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရာတွင် ရေရှည်အတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားနယ်မြေဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာများနှင့် ပတ်သက်၍ လိုအပ်သည်များကို SAC ဥက္ကဋ္ဌက လမ်းညွှန်မှာကြားခဲ့သည်။

တောင်ငူမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားသည်။

SAC ဥက္ကဋ္ဌထံ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း EAO အဖွဲ့အချို့နှင့် PDF များက နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်ဆောင်ရွက်နေမှု အခြေအနေများ၊ အများပြည်သူ သွားလာလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများ၊ တံတားများနှင့် မီးရထားလမ်းများအား မိုင်းထောင် ဖောက်ခွဲလျက်ရှိမှု အခြေအနေများနှင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *