– ရေအောက်စစ်ဆင်ရေးအတွက် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောနှစ်စီးရအောင် စွမ်းဆောင်ပေးခဲ့ဟု ဆို
MT News
Written by Nay Moe
ရေအောက်စစ်ဆင်ရေးကဏ္ဍအတွက် အလွန်အရေးကြီးသည့် တိုက်ခိုက်ရေးရေငုပ်သင်္ဘော ၂ စီးကို ရရှိအောင်စွမ်းဆောင်ပေးခဲ့ပြီး ဒေသတွင်း၌ ရေငုပ်သင်္ဘောလက်ဝယ်ပိုင်ဆိုင်သည့်ရေတပ်အဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ကာ ရေငုပ်သင်္ဘောတပ်ဖွဲ့ကိုလည်း ရေရှည်ဆက်လက်ချီတက်နိုင်ရေး အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
မြန်မာ့တပ်မတော်တွင် ၂၀၂၀ ပြည့်နှစ်က ရေငုပ်သင်္ဘောတိုက်ခိုက်ရေးယာဥ် မင်းရဲသိင်္ခသူ တပ်တော်ဝင်ပြီးနောက် မကြာခဏဆိုသလို ရေငုပ်သင်္ဘောအများအပြားပိုင်ဆိုင်နေပြီဖြစ်ကြောင်း စစ်ရေးလေ့လာသူများနှင့် နိုင်ငံတကာက ပြောကြားမှုများရှိနေသော်လည်း အဆိုပါအခြေအနေများအပေါ် တုံ့ပြန်ခဲ့မှုမရှိသည့်တပ်မတော်က ယနေ့ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် အမှာစကားပြောကြားရာတွင် တပ်ချုပ်က တိုက်ခိုက်ရေးရေငုပ်သင်္ဘောနှစ်စီးပိုင်ဆိုင်နေပြီဟု ပြောကြားလာခြင်းလည်းဖြစ်သည်။
“ဒီထက်ပို၍ခေတ်မီတဲ့ ရေတပ်ဖွဲ့ဖြစ်ဖို့ဆိုရင်တော့ စောစောကပြောတဲ့ ရေငုပ်သင်္ဘောတွေပါဝင်မှ ခေတ်မီတဲ့ရေတပ်တပ်ဖွဲ့တစ်ခု ဖြစ်လာမယ်။ ရေငုပ်သင်္ဘောရရှိရေးအတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းကတို့တွေကြံစည်ခဲ့တယ်၊ စိတ်ကူးခဲ့တယ်၊ ကြိုးစားခဲ့တယ်လို့ ပြောချင်ပါတယ်၊ လွယ်လွယ်ကူကူတော့ ဒီအိမ်မက်တစ်ခုကို အကောင်အထည်ဖော်ဖို့အတွက် လွယ်တာတော့မဟုတ်ဘူး။ တော်တော်ကို ခက်ခက်ခဲခဲလုပ်ရတာဖြစ်ပါတယ်။ အဲ့ဒီတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာ တို့မက်ခဲ့တဲ့ ဒီအိမ်မက်ဟာ အခက်အခဲအမျိုးမျိုးကြောင့် အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။ အဲ့ဒီတော့ ဒီဟာကို အကောင်အထည်ဖော်ဖို့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့အချိန်မှာကြိုးစားခဲ့ပါတယ်။ တစ် အချက်ကတော့ လူသားအရင်းအမြစ်တွေကို ဘယ်လိုရနိုင်မလဲ။ နှစ်အချက်ကတော့ ကိုယ့်နိုင်ငံနဲ့ကိုက်ညီတဲ့ ရေငုပ်သင်္ဘောဘယ်လိုဖြစ်နိုင်မလဲ။ ဘယ်ကနေရနိုင်မလဲ ဒီလိုတွေစဉ်းစားရမယ်။ အဲ့လိုတွေ စဉ်းစားပြီးတော့မှ ဆောင်ရွက်ခဲ့တာ” ဟု မင်းရဲသိင်္ခသူတပ်တော်ဝင်စဥ် တပ်ချုပ်ကပြောကြားထားသည်။
မြန်မာ့ရေပြင်သည် ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်ပြင်တို့ကို ပိုင်ဆိုင်ထားရှိပြီး ကုန်သွယ်ရေလမ်းကြောင်းများထိန်းချုပ်နေရာ (Choke Point) များကို စိုးမိုးချုပ်ကိုင်ထားနိုင်သော သဘာဝကပေးသည့် ထူးခြားသောလက်ဆောင်ကောင်းကို ရရှိထားသည်။
ထို့အပြင် အမေရိကန်၏ Indo-Pacific Strategy၊ တရုတ်၏ Two Ocean Strategy ၊ အိန္ဒိယ၏ Act East Policy တို့ ဆုံမှတ်နေရာဖြစ်နေသည်ကိုလည်း သတိပြုဖွယ်တွေ့ရှိရမည်ဖြစ်၍ ပင်လယ်ပြင်ကို အကျိုးရှိစွာအသုံးချနိုင်ရန်ရည်ရွယ်ပြီး ပင်လယ်ပြင်နှင့်ဆက်စပ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအခြေအနေများကိုသုံးသပ်ကာ မြန်မာ့ရေကြောင်းအကျိုးစီးပွားများ ကာကွယ်ရန်တပ်မတော်(ရေ)ကို မဟာဗျူဟာအမြင်ဖြင့် စဉ်ဆက်မပြတ်တိုးချဲ့တည် ဆောက်ပေးလျက်ရှိကြောင်းလည်း တပ်ချုပ်ကပြောကြားသည်။
စစ်အင်အား အပြည့်အစုံဖော်ပြလေ့မရှိသော မြန်မာနိုင်ငံတွင် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောနှစ်စီးထက်မက ရှိမည်ဟုလည်း စစ်ရေးဆိုင်ရာစောင့်ကြည့်လေ့လာသူများက သုံးသပ်ထားသည်။