September 20, 2024

၂၃. ၈. ၂၀၂၄
Translated by Htwe Ko Tun

ကနေဒါ သတ္တုတူးဖေါ်ရေးကုမ္ပဏီဖြစ်တဲ့ Lucara Diamond က ဩဂုတ် ၂၁ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ကြေညာချက်တစ်ရပ်မှာ သူတို့ကုမ္ပဏီက အာဖရိကတိုက်၊ ဘော့စ်ဝါနာနိုင်ငံမှာ အရွယ်အားဖြင့်လက်ဖဝါးခန့် ရှိပြီး ၂,၄၉၂ ကာရတ်ရှိတဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံးစိန်တုံးကြီးကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

အဆိုပါစိန်တုံးကြီးကို ဘော့စ်ဝါနာနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဓာတ်မှန်ရောင်ခြည်စူးစမ်းလေ့လာမှုနည်းပညာနဲ့တွေ့ရှိခဲ့တာလို့လည်း ကုမ္ပဏီက ပြောခဲ့ပါတယ်။

Lucara Diamond က ထိုစိန်တုံးရဲ့ တန်ဖိုး ဒါမှမဟုတ် အရည်အသွေးကိုတော့ တစ်စုံတစ်ရာ ရည်ညွှန်း ပြောကြားခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် ကာရတ် အလေးချိန်အရဆိုရင်တော့ ၁၉၀၅ ခုနှစ်က တောင်အာဖရိကနိုင်ငံမှာတွေ့ခဲ့တဲ့ ၃,၀၁၆ ကာရတ်ရှိ Cullinan Diamond စိန်တုံးကြီးပြီးရင် ဒုတိယအကြီးဆုံးစိန်တုံးကြီးပါပဲ။

ဒါက Lucara Diamond မှာ ၂၀၁၇ ခုနှစ်မှာ စတင်တပ်ဆင်အသုံးပြုခဲ့တဲ့ ဓာတ်မှန်ရောင်ခြည်နည်းပညာနဲ့ ကြီးမားပြီး တန်ဖိုးမြင့်တဲ့မြေအောက်စိန်တုံးကြီးတွေကို ရှာဖွေတွေ့ရှိနိုင်မှု ရလဒ်လို့လည်း ကုမ္ပဏီရဲ့ ကြေညာချက်မှာဖော်ပြခဲ့ပါတယ်။

ဘော့စ်ဝါနာနိုင်ငံသမ္မတ မာစီစီကလည်း ဩဂုတ်လ ၂၂ ရက်မှာ ထိုစိန်တုံးကြီးကိုကြည့်ရှုခဲ့ပြီး ကမ္ဘာ့ ဒုတိယ အကြီးဆုံးစိန်တုံးကြီးပါပဲလို့ ပြောခဲ့ပါတယ်။

ဘော့စ်ဝါနာနိုင်ငံက ကမ္ဘာပေါ်မှာ စိန်အထွက်ရှိဆုံးနိုင်ငံဖြစ်ပြီး နိုင်ငံဝင်ငွေရဲ့ အဓိကအရင်းအမြစ်ကိုလည်း စိန်ထွက်ရှိမှုကရတာပါ။ စိန်ထွက်ရှိမှုတန်ဖိုးက နိုင်ငံရဲ့ အမျိုးသားအသားတင်ထုတ်လုပ်မှုတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းရှိပြီး နိုင်ငံပို့ကုန်တွေရဲ့ ၈၀ ရာခိုင်နှုန်းရှိပါတယ်။

ဒါ့မတိုင်မီကလည်း Lucara Diamond က ဘော့စ်ဝါနာမှာ ၂၀၁၉ ခုနှစ်အတွင်းက Sewelo အမည်ရှိ အလေးချိန် ၁,၇၅၈ ကာရတ်ရှိစိန်တုံးကြီးကို တွေ့ခဲ့ပါသေးတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ်မှာလည်း ဓာတ်မှန်ရောင်ခြည်နည်းပညာစူးစမ်းလေ့လာမှုနဲ့ အလေးချိန် ၁,၁၇၄ ကာရတ်ရှိ စိန်တုံးတစ်တုံးကို တွေ့ခဲ့ပါသေးတယ်လို့လည်း သိရပါတယ်။

Ref -AFP

Leave a Reply

Your email address will not be published. Required fields are marked *