October 18, 2024

၂၃.၈.၂၀၂၄
Written by Hey Mar

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံယဉ်ကျေးမှုနယ်မြေဒေသရှိ ရွှေစည်းခုံဘုရားရင်ပြင်ပေါ်မှာ ရေဝပ်နေတာတွေကို ပြုပြင်ဖို့နဲ့ ဘုရားကြီးရဲ့ မူလကြမ်းခင်း သဲကျောက်ပြားတွေကို သုတေသန လုပ်နိုင်ဖို့ ဂိတ်ကွက်တွေချကာ ဆောင်ရွက်လျှက်ရှိတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပုဂံဌာနခွဲ အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူထံကနေ သိရပါတယ်။

မနှစ်က မိုးရာသီမှာ ရွှေစည်းခုံဘုရား ရေစုကန်ကို သွားတဲ့ မူလရေလမ်းကြောင်းတွေ ပိတ်သွားတာကြောင့် ဘုရားရင်ပြင်မှာ ရေတင်ကာ ရေစုပ်စက်နဲ့ ရေတွေစုပ်ထုတ် ရှင်းလင်းခဲ့ရတဲ့အထိဖြစ်ခဲ့ပြီး ကြမ်းခင်းပြားတွေကြားရေဝပ်ကာ မူလသဲကျောက်ပြားတွေမှာ ပျက်စီးတာတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

“မူလက ရွှေစည်းခုံဘုရားမှာက သဲကျောက်ပြားကြီးတွေနဲ့ ကြမ်းခင်း ခင်းခဲ့တာ။ အဲ့ဒီကြမ်းခင်းမှာ မိုးရွာတော့ မိုးရေဝပ်တာတွေ ဘာတွေ ဖြစ်တဲ့အခါ ခေတ်အဆက် ဆက်က ဘိလပ်မြေတွေနဲ့ ဖာခဲ့ ထေးခဲ့ ပြုပြင်ခဲ့ကြတယ်။ မူလ သဲကျောက်ပြားကြီးတွေက အဲ့ဒီ ဘိလပ်မြေတွေ အောက်ကို ရောက်ကုန်တာမို့ ပြုပြင်ဖို့အတွက် ဂိတ်ကွက်နဲ့ သတ်မှတ်ပြီး ဆောင်ရွက်နေတာပါ။ အသစ်ခင်းတာမျိုးတော့ မဟုတ်သေးပါဘူး။ အရင်ကတည်းကတော့ ခေတ်အဆက်ဆက် ပြုပြင်ရာမှာ နေပူခံ စကျင်ကျောက်ပြားနဲ့ လျှောက်လမ်းလုပ်ထားတဲ့ နေရာတွေရှိတယ်။ ကမ္ဘာ့အမွေအနှစ် မဝင်ကတည်းက လုပ်ထားတာပေါ့လေ။ ဒါတွေကလည်း မညီမညာတွေ ရေဝပ်တာတွေ ရှိတာပေါ့။ ခေတ်ကာလကလည်း ကြာပြီဆိုတော့။ ကျွန်တော်တို့ ဌာနအနေနဲ့က မူလသဲကျောက်ပြားကြီးတွေကို သုတေသန လုပ်နိုင်ဖို့နဲ့ အမြင်မတင့်တယ်တဲ့ အရင်က ခေတ်အဆက်ဆက် ခင်းသွားတဲ့ စကျင်နေပူခံကျောက်ပြားတွေအောက် ရေဝပ်နေတာကို ပြုပြင်ဖို့ ဆောင်ရွက်နေတာပါ “လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပုဂံဌာနခွဲ အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူက MT News ကိုပြောပါတယ်။

ပုဂံဒေသရှိ ဘုရားတွေမှာ တံတိုင်းတွေရှိပြီး ရေကို အပြင်မထုတ်ဘဲ စုကန်လုပ်ကာ ရင်ပြင်တော်ကြမ်းပြင်ကို မြေသားအတိုင်း ထားပြီး မြေအောက်စိမ့်ဝင်တဲ့ နည်းနဲ့ ပြုလုပ်ထားခဲ့ကြပေမယ့် အဲ့ဒီ့နည်းက မြက်ပင်တွေပေါက်တာကြောင့် နောက်ပိုင်းမှာ ကွန်ကရစ်ခင်းလိုက်တဲ့ အခါ မူလသဲကျောက်ပြားတွေ ပျက်စီးကုန်တယ်လို့ သိရပါတယ်။ အခုအခါမှာ မူလက ရွှေစည်းခုံရဲ့ ကြမ်းခင်းတွေကို ပြန်လည်သုတေသနပြုလုပ်ဖို့ ဆောင်ရွက်နေဆဲ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *