September 20, 2024

၂၃. ၈. ၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံတွင် မှတ်ပုံတင်ထားသော ဘတ်စ်ကားတစ်စီးက ခရီးသည် ၄၀ ဦးခန့်တင်ဆောင်၍ နီပေါနိုင်ငံ ပေါ့ခရာမြို့မှ မြို့တော်ခတ္တမန္ဒူသို့မောင်းနှင်လာစဉ် Tanahun ခရိုင်အတွင်းတွင် Marsyangdi မြစ်အတွင်းသို့ ဩဂုတ်လ ၂၃ ရက်က ထိုးကျသွားခဲ့ရာ အနည်းဆုံး လူ ၁၁ ဦးသေဆုံးခဲ့ရကြောင်း သတင်းများအရ သိရသည်။

Tanahun ခရိုင် ရဲတပ်ဖွဲ့ရုံးက အဆိုပါဖြစ်ရပ်အားအတည်ပြုခဲ့ပြီး ဘတ်စ်ကားက မြစ်ကမ်းပါးတွင် ရေထဲ၌ ပေါလောပေါ်နေကြောင်းလည်း ပြောကြားခဲ့သည်။ ခရိုင်ရဲအရာရှိ ရာမာက ”ကားနံပတ် UP FT 7623 ဘတ်စ်ကားက နံနက် ၁၁ နာရီခွဲခန့်မှာ မြစ်ထဲကိုကျသွားပြီးနောက် လုံးဝမြုပ်မသွားဘဲ ကမ်းပါးမှာ ပေါလောမျောပြီး ပေါ်နေတယ်။ ကားက ပေါ့ခရာကနေ ခတ္တမန္ဒူကို မောင်းလာတာလို့လည်းသိရတယ်” ဟုပြောခဲ့သည်။

ဘတ်စ်ကားက အဝေးပြေးလမ်းမှ မီတာ ၁၅၀ ခန့် နိမ့်သော မြစ်အတွင်းသို့ ထိုးကျသွားခဲ့ခြင်းဖြစ်ရာ နောက်ဆုံးသတင်းများအရ သေဆုံးသူ ၁၁ ဦး ရှာဖွေတွေ့ရှိခဲ့ကြောင်းလည်း သိရသည်။

ခရိုင်တာဝန်ရှိသူတစ်ဦးက အဝေးပြေးလမ်းတွင် သွားလာနေသော မော်တော်ယာဉ်များမှာ မိုးရာသီ၌ မြေပြိုမှုများနှင့် ကြုံရလျှင် မြစ်အတွင်းသို့ ထိုးကျသည့်အဖြစ်များကြုံရလေ့ရှိကြောင်းပြောခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်း မိုးရာသီစတင်သည်မှစ၍ နီပေါနိုင်ငံ၌ မိုးရွာသွန်းမှုနှင့်ဆက်စပ်နေသော ယာဉ်မတော်တဆမှုများကြောင့် ဇူလိုင်လအထိ သေဆုံးသူ ၆၂ ဦးနှင့် ဒဏ်ရာရသူ ၉၀ ဦးခန့်ရှိကြောင်းလည်း သိရသည်။

Ref-Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *