September 20, 2024

◾ စနစ်ဟောင်းနဝမတန်း အောင်မြင်ပြီး စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်းမရှိခဲ့သူများ၊ စနစ်ဟောင်း ဒသမတန်း တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများနှင့် စနစ်သစ် ဒွါဒသမတန်း (Grade-12) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြုမည်

MT News
၂၃. ၈. ၂၀၂၄

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲလျှောက်လွှာများ စက်တင်ဘာ ၁ ရက်မှ စတင်ရောင်းချမည်ဖြစ်​ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့်ပတ်သက်၍ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ သိရှိနိုင်ရန် ယနေ့ ကြေညာထားသည်။

၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာ တစ်စောင်လျှင် ၂ဝဝ ကျပ်နှင့် စာမေးပွဲဝင်ကြေးအတွက် ၇၀ဝ ကျပ်တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန၊ ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ လ ၁ ရက်နေ့မှ စတင်၍ ရောင်းချပေးမည်ဖြစ်သည်။

စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတင်သွင်းရာ၌ STEAMS (1), (2) ဖြေဆိုမည့်သူများအတွက် အစိမ်းရောင်ဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း၊ STAMS ဖြေဆိုမည့်သူများအတွက် ပန်းရောင်ဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း တင်သွင်းရန် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားသည်ဟု သိရသည်။

စနစ်ဟောင်းနဝမတန်း (Grade-10)အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုခြင်းမရှိခဲ့သူများ ၊ စနစ်ဟောင်း ဒသမတန်း (Grade 11) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများနှင့် စနစ်သစ် ဒွါဒသမတန်း (Grade-12) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး ဘာသာတွဲ(၃)ခု ဖြစ်သော STEAMS-1, STEAMS-2, STAMS တို့အနက်မှ ဘာသာတွဲ (၁)ခုကို ရွေးချယ်ဖြေဆိုရမည် ဖြစ်သည်။

ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေးငွေကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲ ဝင်ကြေးအတွက် ၇၀ဝိ/-ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင် ကပ်၍ မိမိတို့ အမှန်တကယ် နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် ၂၀၂၄-ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း တင်သွင်းကြရမည် ဖြစ်သည်။

အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား ကျောင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး ၇၀ဝိ/-ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး၊ လျှောက်လွှာတစ်စောင်ချင်းတွင် ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ၂၀၂၄-ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့ အတွင်း သတ်မှတ်ရက်အမီ တင်သွင်းကြရမည် ဖြစ်သည်။

သတ်မှတ်ထားသောရက်များအတွင်း အချိန်မီပေးပို့ခြင်း မရှိသူများသည် စာမေးပွဲဖြေဆိုခွင့် ရရှိကြမည်မဟုတ်ကြောင်းနှင့် စာဖြေသူတင်သွင်းသည့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်ပြုမည် မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှု ရှိ-မရှိ သေချာစွာ စစ်ဆေးပြီး မှန်ကန်စွာ ဖြည့်စွက်ပေးပို့ကြရန်ဖြစ်ကြောင်း သတိပြုစေလိုကြောင်းနှင့် လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (ရုံးချုပ် )၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်နှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ ရန်ကုန်(ရုံးခွဲ)၊ ပါရမီလမ်း၊ ၁၂-ရပ်ကွက်၊ လှိုင်မြို့ နယ်၊ ရန်ကုန်မြို့တွင် လာရောက်ဝယ်ယူနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *