September 20, 2024

၂၃. ၈. ၂၀၂၄
Translated by Htwe Ko Tun

တောင်ကိုရီးယားနိုင်ငံ၊ ဘူချီအွန်မြို့ရှိ ဟိုတယ်တစ်ခုတွင် ဩဂုတ်လ ၂၂ ရက်ညက ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုတစ်ခု၌ လူခုနစ်ဦးသေဆုံးကာ အခြား ၁၂ ဦး ဒဏ်ရာများရခဲ့ကြကြောင်း မီးသတ်ဌာနတာဝန်ရှိသူတစ်ဦးဖြစ်သည့် ချိုဆွန်ဟိုက ဩဂုတ်လ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

သေဆုံးသူများအနက် နှစ်ဦးမှာ ပြတင်းပေါက်များမှ မီးသတ်ဌာန၏ လေမွေ့ယာပေါ်သို့ ခုန်အချတွင် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းသိရပြီး ကျန်သေဆုံးသူများကို ရှစ်ထပ်ရှိ ၎င်းတို့၏အခန်းများတွင် တွေ့ရှိခဲ့ကြရသည်။ ဒဏ်ရာရသူ ၁၂ ဦးအနက် သုံးဦးမှာ စိုးရိမ်ရကြောင်း သိရသည်။

ချို က လျှပ်စီးပတ်လမ်း(သို့မဟုတ်) အခြားသော လျှပ်စစ်ဆိုင်ရာပြဿနာတစ်ရပ်ရပ်ကြောင့် မီးစတင် လောင်ကျွမ်းခဲ့ရခြင်းဟု ယုံကြည်ရကြောင်း၊ ဧည့်သည်တစ်ဦးက အခန်းအမှတ် ၈၁၀ သို့အဝင်တွင် မီး လောင်ကျွမ်းမှုအနံ့အသက်ကိုရခဲ့၍ အခန်းပြောင်းပေးရန် ဟိုတယ်သို့ပြောခဲ့ကြောင်း၊ ထို့နောက် တည်းခိုသူမရှိသော အဆိုပါအခန်းမှ စ၍ မီးလောင်ခဲ့ကာ အခြားအခန်းများသို့ လျင်မြန်စွာမီးကူးစက်ခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

မစ္စတာချိုက လျှပ်စစ်နှင့်ဆိုင်သည့်ပြဿနာတစ်ခုခုကြောင့် မီးလောင်ခဲ့ခြင်းဟု အများဆုံးယူဆထားရပါကြောင်း၊ ဟိုတယ်၏ လူသွားလမ်းများကျဉ်းမြောင်းကာ အတွင်းတွင် အပူဓာတ်များလည်းစုပုံနေမှုကြောင့် ဧည့်သည်များကို ကယ်ဆယ်ရန်မှာ ခက်ခဲခဲ့ရကြောင်းလည်း ပြောခဲ့သည်။

မီးကဒေသစံတော်ချိန် ၇ နာရီ ၃၉ မိနစ်(ဂရင်းနစ် စံတော်ချိန် ၁၁း၃၉ နာရီ) တွင် ကိုးထပ်အဆောက်အအုံဟိုတယ်၏ ရှစ်ထပ်မြောက်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ သုံးနာရီကြာခန့် ငြှိမ်းသတ်ခဲ့ရပြီး ည ၁၀ နာရီ ၂၆ မိနစ်တွင် မီးကိုထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

မီးက အဆောက်အအုံတစ်ခုလုံးသို့ ကူးစက်လောင်ကျွမ်းမှုမရှိခဲ့သော်လည်း ဟိုတယ်အခန်းများတွင် မီးလောင်ပါက အလိုအလျောက်ရေဖျန်း ငြှိမ်းသတ်သည့် ကိရိယာစနစ်များလည်း မတပ်ဆင်ထား၍ ထိခိုက်ပျက်စီးမှုကြီးမားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ပြောခဲ့သည်။ ဟိုတယ်အဆောက်အအုံကို ၂၀၀၃ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ဟိုတယ်မန်နေဂျာများအနေဖြင့် မီးလောင်မှုတွင် တာဝန်ပေါ့လျော့မှု ရှိမရှိ စစ်ဆေးသွားမည်ဟုလည်း သိရသည်။

Ref- Yonhap News, BBC

Leave a Reply

Your email address will not be published. Required fields are marked *