September 20, 2024

ပုံစာ- လမ်းမတော်မြို့နယ်အတွင်းရှိ ဝါးတန်းဆိပ်ကမ်းအား တွေ့ရစဉ်။

၂၃. ၈. ၂၀၂၄
Written by Nyein Kyaw

စက်တင်ဘာ ၃ ရက်မှစပြီး ရန်ကုန်မြစ်အတွင်း သာမန်ထက်ထူးကဲသည့် ဒီရေတက်လာနိုင်ဖွယ်ရှိနေ၍ မြစ်ကမ်းနားအနီး နေထိုင်ကြသော လုပ်သားပြည်သူများ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသိပေးထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်မှ စက်တင်ဘာလ ၇ ရက်အထိ ကာလအတွင်း ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ဒသမ ၀၁ ပေခန့်မှ ၂၀ ဒသမ ၁၈ ပေခန့်အထိ သာမာန်ထက် ထူးကဲဒီရေတက်ဖွယ်ရှိကြောင်း၊ ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေအမြင့်သည် အခြေခံရေစစ်မျဉ်း အထက်အမြင့် ၂၀ ပေ ကျော်လွန်နိုင်သည့်အခါ မြစ်ကမ်းနားဒေသများအနီး နေထိုင်ကြသော လုပ်သားပြည်သူများအား ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရန်အလို့ငှာ ယခုကဲ့သို့ သတိ ပေးထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှ အောက်တိုဘာလ ၁၈ ရက်အထိကာလတွင်လည်း ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ဒသမ ၁၁ ပေခန့်မှ ၂၀ ဒသမ ၃၇ ပေခန့်အထိ မြင့်တက်ခဲ့မှုများရှိခဲ့သော်လည်း မြစ်ဆိပ်ကမ်းနားများတွင်သာ ရေမြင့်တက်လာမှုရှိပြီး နေအိမ်များ နစ်မြုပ်သည်အထိ မရှိခဲ့ကြောင်း သိရသည်။

“မနှစ်ကလည်း မြစ်ရေမြင့်တက်တယ်။ အဲဒီတုန်းကတော့ ကမ်းနားပိုင်းရပ်ကွက်တွေ၊ အဓိကတော့ ရန်ကုန်မြို့ဘက်ဆို လမ်းမတော်မြို့နယ် ကမ်းနားပေါ့။ ဆိပ်ကမ်းတွေများတော့ ကားလမ်းပေါ်တော့ ရေတက်တယ်။ ကျွန်တော်တို့ဘက် ဒလ၊ ဆိတ်ကြီးခနောင်တိုဘက်မှာတော့ ကမ်းနားပိုင်းရပ်ကွက်တွေတော့ ရေတက်တယ်။ အိမ်တွေမြုပ်တဲ့အထိတော့ မဟုတ်ဘူး။ ကမ်းပေါ်ရေတက်လည်း ၂ ပေ၊ ၃ ပေလောက်တော့ တက်ခဲ့တယ်” ဟု ဆိတ်ကြီးခနောင်တိုမှ ရန်ကုန်မြို့သို့ ရုံးတက်ရုံးဆင်းလုပ်နေသူ ဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ ထူးကဲဒီရေနှင့်ပတ်သက်၍ ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၂ ပေခန့်ထိ မြင့်တက်ခဲ့ဖူးသဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း သိရပြီး ယခုနှစ် မြစ်ရေမြင့်တက်လာနိုင်ဖွယ်ရှိသော ခန့်မှန်းအမြင့်ပေမှာမူ ယခင်နှစ်ထက် လျှော့နည်းကြောင်း သိရသည်။

ပုံစာ- လမ်းမတော်မြို့နယ်အတွင်းရှိ ဝါးတန်းဆိပ်ကမ်းအား တွေ့ရစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *