September 20, 2024

၂၃.၈.၂၀၂၄
Written by Hey Mar

နိုက်ကလပ်ကနေပြန်လာတဲ့ လူငယ်စုံတွဲ မောင်းနှင်တဲ့ကားက ကားမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေသူတွေဆီ ဝင်တိုးလို့ လူနှစ်ဦး နေရာတင်သေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့ ဖြစ်စဉ်အပြီး ၉ ရက်အကြာ မနေ့က ဩဂုတ် ၂၂ ရက်‌ နေ့မှာ ကားမှတ်တိုင်နေရာကို နယ်မြေခံလူမှုကူညီ‌ရေးအသင်းက ပင့်သံဃာအရှင်သူမြတ်တွေနဲ့ ပရိတ်တရား ရွတ်ဖတ်နာကြားပေးခဲ့ကြပါတယ်။

အဆိုပါနေရာမှာ ဘာသာရေးအယူအဆအရ ‌ဆုံးပါးသွားသူတွေ ဘဝကူးကောင်းစေဖို့ ပင့်သံဃာတွေကို ကုသိုလ်ပြုအမျှအတန်းပေးဝေတာကို ဖြစ်စဉ်မှာ မြေပြင်အကူအညီတာဝန်ယူခဲ့တဲ့ အလုံမြို့နယ်အခြေစိုက် ကြီးလေးကြီး လူမှူကူညီရေးအသင်းက ကမကထပြု ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။

“ကျွန်တော်တို့ ပေါ်ပင်ဖြစ်အောင် လုပ်တာလည်း မဟုတ်သလို သေသူတွေ မကျွတ်မလွတ် ခြောက်လှန့်နေလို့လည်း မဟုတ်ပါဘူး။ သေဆုံးသူက သတင်းတွေမှာ ဖော်ပြနေသလို သုံးလေးဦး သေတာလည်း မဟုတ်ပါဘူး။ နှစ်ဦးပါ။ သေဆုံးသူ မိသားစုဝင်ထဲက တစ်ဦးနဲ့ အဆက်အသွယ်ရလို့ ဗုဒ္ဓဘာသာ အယူအဆအရ သေသူတွေ ဘဝကူးကောင်းစေချင်လို့ လှူတန်းတာဖြစ်သလို ရှင်သူတွေလည်း စိတ်လက် သန့်သန့်ရှင်းရှင်းဖြစ်စေချင်တာကြောင့် ကောင်းမှုကုသိုလ် လုပ်ပေးတာပါပဲ “လို့ MT News ကို ပြောပါတယ်။

အဆိုပါ ယာဥ်တိုက်မှုဖြစ်စဉ်က ဩဂုတ်လ ၁၃ ရက် နံနက် ၆ နာရီ ၃၃ မိနစ်အချိန် အလုံမြို့နယ်၊ ဆင်မင်းဈေးကား မှတ်တိုင်မှာ လိုင်းကားစောင့်နေသူ‌၊ ကျောင်းသား ကျောင်းသူအပါအဝင် ဝန်ထမ်းနဲ့ ပြည်သူတချို့ကို နိုက်ကလပ်ကနေ ပြန်လာတဲ့စုံတွဲ မောင်းနှင်လာတဲ့ အဖြူရောင်ယာဉ်က ဝင်တိုက်ခဲ့ရာက အသက် ၂၅ နှစ်အရွယ် အမျိုးသမီးနဲ့ အသက် ၅၄ နှစ်အရွယ် အမျိုးသမီးနှစ်ဦး နေရာတင်သေဆုံးပြီး ငါးဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တာပါ။

ဓာတ်ပုံ-ကြီးလေးကြီး လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *